ကရင်နီပြည်နယ်မှာ အကြီးစား စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေ အနေနဲ့ရော သုတေတနအဖွဲ့ တွေဖြစ်စေ လွတ်လပ်စွာ သွားရောက် လေ့လာခွင့်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆို ထားပေမယ့် လက်တွေ့ အခြေအနေမှာ သုတေသန ပြုတဲ့အဖွဲ့ကို တားမြစ် ပိတ်ပင်မှုတွေ ပြုလုပ်နေတယ် လို့ဆိုပါတယ်။
အဲဒီလို သွားရောက်မှုတွေ ပိတ်ပင်ခံရလို့ ကရင်နီလူမှု အသင်းအဖွဲ့ ဆက်စပ်ဆောင်ရွက်ရေး ကွန်ယက်အဖွဲ့ KCSN မှ ရန်ကုန်မြို့ CITY STAR ဟိုတယ်မှာ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။
ဒီအကြောင်းကို KCSN မှ ပြောရေးဆိုခွင့်ရှိသူ ခူးတော်ရယ်က “ဒီဒေသက လောပီတအတွေ့အကြံုရ ထိခိုက်နစ်နာ မှုတွေရှိတယ်။ ရေကာတာ ကလည်း လောပိတနည်းတူ ထပ်ပြီးဆုံးရှုံးမှုရှိမယ် ။ ဒီအပစ်အရပ် ဆွေးနွေးမှုတွေထဲမှာ သဘောတူထားတာ ရှိတာပေါ့။ ဒီအကြောင်းကို သဘောတူညီချက်တွေ ရှိထားလျက်နဲ့ အစစ်အမှန်ဒီလို ယုံကြည်မှုတွေ လက်တွေ့မှာ အခြေအနေဒီလိုများ လာနေလို့ရှိရင် ကျနော်အနေနဲ့ ဒီသဘောတူညီမှုချက် အားပျော့သွားစေပြီး ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေမလား ဆိုပြီးတော့မှ စိုးရိမ်လို့ ဒီလို ဆွေးနွေးပွဲတွေ လုပ်ရတာဖြစ်တယ်” လို့ ကန္တာရဝတီတိုင်း(မ်) ကို ရှင်းပြပါတယ်။
ဘော်လခဲမြို့နယ်ထဲမှာ ပြုလုပ်နေတဲ့ ရွာသစ်ရေအား လျှပ်စစ်စီမံကိန်းကို KCSN အဖွဲ့မှ ယခု KNPP နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး ကာလမှာ သွားရောက်လေ့လာစဉ်က လုံခြံုရေးတပ်မှ တားဆီးပိတ်ပင်ခဲ့တယ်လို့ KCSN အဖွဲ့ဝင် ဖြစ်တဲ့ ခူးတော်ရယ်က ဆက်လက်ပြောပါတယ်။
“ကျနော်တို့သွားတယ် KNPP နဲ့ညှိပြီးတော့မှပေါ့ သွားတာပေါ့ အဲဒီမှာ ထိုင်တဲ့တပ်တွေက ဆက်ဆံရေးက မဆိုးဘူး အထက်ကို တင်ပြပေးမယ်လို့ ပြောတယ်။ ကျနော်တို့အဲဒီမှာ တရက်နဲ့တည သွားစောင့်ရတယ်။ ဆက်ဆံရေး အပြောအဆို ကောင်းတာက သတ်သတ်ပေါ့။ ကျနော်တို့ သွားလို့မရတာက မရတာပဲ” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ လုပ်မယ့်ရေအား လျှပ်စစ်စီမံကိန်းတွေက ဘောလခဲမြို့နယ် အတွင်းရှိ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် ဓါတ်အား ၆၀၀ မီဂါ၀ပ် ထုတ်လုပ်မယ့် ရေကာတာ၊ စောလိုဟောင်ခန်း အနီး ပွန်ချောင်းပေါ်က လျှပ်စစ်ဓါတ်အား ၁၃၀ မီဂါ၀ပ် ထုပ်လုပ်မယ့် ရေကာတာနဲ့ လွိုင်ကော်မြို့နယ် မြောက်ဘက်ရှိ သဘက်ချောင်းမှ လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါ၀ပ် ရေကာတာ စီမံကိန်းတွေပဲ ဖြစ်ပါတယ်။
Datang ( Yunnan ) United Hydropower Developing Co ဆိုတဲ့ တရုတ်ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္မဏီနဲ့ အစိုးရက ဒီစီမံကိန်းတွေကို သဘောတူညီမှု စာချုပ်ချုပ်ဆို ခဲ့ပြီးဖြစ်ပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ အကြီးစား စီမံကိန်းတွေနဲ့ ပြုပြင် မွမ်းမံမှုတွေကို နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးမှု မပြီးပြတ်သေးတဲ့ ကာလအတွင်း ယာယီရပ်ဆိုင်းထားဖို့ ဆိုပြီးထည့်သွင်း ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။
ပြည်နယ်အစိုးရကနေပြီး လူထုအတွက် အကျိုးသက်ရောက်မှုတွေ အဖြေသိရှိပြီးမှ သာလျှင် သဘောတူပါတယ်ဆိုမှ ဆောင်ရွက်ဖို့ ရှိပါတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက KNPP နဲ့ အစိုးရ ပြည်ထောင်စု အဆင့်တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
သံလွင်မြစ်ပေါ်မှာရှိတဲ့ ရွာသစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လေ့လာတွေ့ရှိချက် တွေကို ဆွေးနွေးပွဲမှာ အခုလိုပြောသွားပါတယ်။
“မိုးရာသီမှာ မိုးရွာလို့ ရေကများလာရင် သိုလှောင်ထားလိုက်ရင် အကြမ်းအားဖြင့် တချို့နေရာမှာ နက်ပြီး တချို့နေရာမှာ မြေညီ အဲဒီနေရာမှာ ရေလှောင်လိုက်ရင် ပျှပ်းမျှ သံလွင်မြစ်ရဲ့ ဟိုဘက်ဒီဘက် ၄၀၀ နဲ့ ရ၀၀ မီတာ သံလွင်မြစ်အပေါ် ရေကျော်လာလိမ့်မယ်။ ဧရိယာ ဘေးဘယ်ညာကို ကျော်လိုက်ရင် သံလွင်မြစ်ရဲ့ မီတာ ၅၀၀ လောက်ကျော် ထွက်လာနိုင်တယ်။ ဒါက ခန့်မှန်းခြေ တွက်ချက်ထားတာ။ သံလွင်မြစ်ရေ ကြီးလာရင် ကယားပြည်နယ်ကို ကျော်သွားနိုင်တယ်။ ရှမ်းပြည်နယ် ထိရောက်သွားနိုင်တယ်” လို့ ပြောပါတယ်။
KNPP နဲ့ အစိုးရ ပထမအကြိမ် ပြည်နယ်အဆင့်တွေ့ ဆုံဆွေးနွေးစဉ်က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက “ ဒါက မြစ်ဆုံစီမံကိန်းနဲ့ ဆင်ပါတယ်။ အဲဒါက သမ္မတကနေပြီး ပြည်သူလူထုကို ထိခိုက်မယ်။ ပြည်သူလူထုရဲ့ အကျိုးကို မရှိဘူးဆိုပြီးတော့မှ ဆုံးဖြတ်တဲ့ အတွက် ဒါကိုရပ်ဆိုင်းလိုက်တယ်။ နောက်လည်း အဆင့်လိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ စစ်ဆေးမှု စမ်းသပ်မှု တွေပါတယ်။ ပြည်သူထူထုရဲ့ ဆန္ဒတွေပါတယ်။ ဒါကိုလဲ အခုလောလောဆယ် ကာလ မှာ လောလောဆယ်လုပ်ဖို့ စီမံကိန်း မရှိသေးဘူး။ မြေကြီးစမ်းတာပဲ ရှိသေးတယ်” လို့ပြောဆို သွားပါတယ်။
ကရင်နီပြည်နယ်မှ အကြီးစား စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမား ၅၀ ခန့် တက်ရောက် သတင်းယူခဲ့ကြတယ်လို့ သိရပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူမှုအသင်းအဖွဲ့ ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ Karenni Civil Society Network-KCSN ကနေ ဦးဆောင်တာဖြစ်ပါတယ်။



