ပွဲလယ်သင့်ပေမယ့် ကရင်နီလူမျိုးများ၏ အသက်ကို ချမ်းသာမပေးသည့် အရက်ဖြူ

ပွဲလယ်သင့်ပေမယ့် ကရင်နီလူမျိုးများ၏ အသက်ကို ချမ်းသာမပေးသည့် အရက်ဖြူ
by -
ကန္တာရဝတီတိုင်း(မ်)

အနံ့ကခပ်စူးစူး၊ သောက်လိုက်ရင် ပူရှိန်းရှိန်းဖြစ်စေတဲ့ ကယား (ကရင်နီ) အရက်ဖြူဟာ လူ့စိတ်ကိုပျော်ရွှင် အောင်၊ စိတ်ကျေနပ်အောင် ထွက်ပေါက်ပေးတဲ့အတွက် ကြိုက်ကြတယ်လို့ ခူးလျားရယ်က ပြောပါတယ်။

“အမှတ်ရဆုံးအချိန်က အားလုံးမူးနေကြပြီမဟုတ်လား အတူတူ ဇတ်စင်ရှေ့မှာ ကတာရယ်၊ ရန်ဖြစ်ကြတာ ရယ်၊ မတော်တဆ ဖြစ်ကြတာတွေပေါ့”

ကရင်နီရိုးရာ နတ်ပူဇော်ပွဲတခုဖြစ်တဲ့ အောင်ပွဲခံ ဒီးကူပွဲကျင်းပတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ပြီးတော့ ခေါင်ရည်၊ အရက်သောက်ဖြစ်ကြတယ်လို့ ခူးလျားရယ်က ပြောပါတယ်။

“၀ယ်သောက်တာမလောက်ရင် ရိုးရာအိမ်ကဟာလေ ကျနော်တို့ ကရင်နီမှာဆို သိတဲ့အတိုင်းပဲလေ။ ပွဲလမ်း သဘင်ရှိပြီဆိုလို့ရှိရင် မိတ်ဆွေတွေလာကြရင် သူတို့တိုက်ကြတယ်။ ဥပမာ အရက်တို့၊ ခေါင်တို့တွေပေါ့”

ရိုးရာအိမ်ဆိုတာ ကရင်နီလူမျိုးတွေထဲက ဖိုးဖွားစဉ်ဆက် ရိုးရာနတ်ကို အယုံအကြည်ရှိပြီး ပူဇော်ပသတဲ့ အိမ်ကို ရိုးရာအိမ်လို့ ခေါ်ပါတယ်။

ကရင်နီလူမျိုးတွေဟာ အရင်က ခေါင်ရည်ကို ရိုးရာဓလေ့တခုအဖြစ် သောက်သုံးလာကြပြီး အခုနောက်ပိုင်း မှာတော့ အရက်ကို ထည့်သွင်းအသုံးပြုလာကြတာပါလို့ နယ်စပ်မှာ အခြေစိုက်နေတဲ့ ကရင်နီသာသနာရေးနှင့် ယဉ်ကျေးမှုဒု-၀န်ကြီး ဦးစိုးရယ်က ပြောပါတယ်။

“ကယားတွေက ခေါင်ရည်က မိတ်ဆွေတွေကို မနိုင်တော့ဘူး ဆိုပြီးတော့ အရက်ကိုပါ ထည့်ထား လိုက်တယ်။ အကုန်ပိုသက်သာတယ် ဆိုပြီးတော့ အရက်ကိုထည့်ကြတယ်။ အခုက ကယားတွေက တအားသောက်နိုင်တဲ့ အခါကြတော့ အရက်ကိုပါ ထည့်လာရခြင်းဖြစ်ပါတယ်”

ခူးလျားရယ်တို့ လူငယ်တစ်စုတင်မကပါဘူး ကရင်နီလူမျိုးတွေက ရိုးရာခေါင်ရည်ကို ရေသဖွယ် သတ်မှတ်ပြီး သောက်လေ့ရှိသလို ကလေးငယ်တွေ ရေသောက်တတ်ပြီဆိုရင် ခေါင်ရည် စတိုက်တဲ့ အလေ့အထ ရှိပါတယ်။

တချို့ကလေးငယ်တွေဆို မိခင်နို့ချိုတိုက်ကျွေးဖို့ မအားလပ်တာက တကြောင်း၊ တချို့ကတော့ နို့ရည် မထွက် တဲ့အတွက် ကလေးငယ်တွေကို ခေါင်ရည်ကိုပဲ အစားထိုး တိုက်ကြလို့ ခေါင်ရည်သောက်ပြီး ကြီးလာ တဲ့လူ တွေလည်း အများကြီးပဲလို့ အသက် ၄၆ နှစ်အရွယ် ခူးဖဲရယ်က ပြောပါတယ်။

“ရွာမှာနေတုန်းကဆိုရင် မနက်အစောကြီး ခေါင်ရည်ကို ပထမဦးဆုံး ငှဲ့သောက်တယ်။ ရေသောက်ချင်လို့ ရေကျက်အေးသောက်သလို ပထမဦးဆုံး သောက်တယ်လေ။ သောက်ပြီးမှ ထမင်းနောက်မှစားတယ်”

အရက်၊ ခေါင်ရည် သောက်ခြင်းဆိုတာဟာ ကရင်နီရိုးရာဓလေ့ တစ်ခုဖြစ်ပေမယ့် ကရင်နီလူမျိုး တွေရဲ့ အသက်ကိုတော့ ချမ်းသာမပေးပါဘူး။

လူလတ်ပိုင်းအရွယ်က စတင်ပြီး အရက်ကို စတင်သောက်ခဲ့တဲ့ ဦးကျော်စိန်ဟာ အသက် ၃၀ ကျော်မှာတော့ အရက်ကြောင့် ဆုံးသွားတယ်လို့ တူလေးဖြစ်တဲ့ ခူးကူးရယ်က ပြန်လည်ပြီး ပြောပြပါတယ်။

“ကုလို့မရတော့ဘူး သူ့အသည်းက ခြောက်ကုန်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ နောက် သူသိပ်အစာ မစားနိုင်တော့ သူဖောလာပြီး သေသွားတယ်”

အိမ်ထောင်ဦးစီး အနေနဲ့ သားသမီး ၃ ယောက်နဲ့ ဇနီးသည်ကို ရှာမကျွေးနိုင်တဲ့အပြင် ဇနီးနဲ့ သားသမီးတွေက အရက်အကြွေးတွေကို ဆပ်ပေးနေရတယ်လို့လည်း ပြောပါတယ်။

အရက်သောက်နေခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အချိန်တွေ တခါတလေမှာ အသုံးမဝင်ပဲ ကုန်ဆုံးသွား တဲ့အပြင် သွေးတိုးရောဂါ ဖြစ်လာတဲ့အတွက် အရက်ဖြတ်ထားရတဲ့ ဦးငြိမ်းအောင်က ပြောပါတယ်။

“အရက်တအားသောက်ရင် ကျောက်ကပ်တို့၊ အသဲတို့ကို သွားထိတယ်။ နောက်ရေဓါတ်တွေ ခမ်းခြောက်မယ်။ သွေးလည်ပတ်မှုက ပုံမှန်မဖြစ်တော့ဘူး အဲဒီမှာ သွေးတိုးစဖြစ်တာပဲ”

အရက်နဲ့ ခေါင်ရည်ဟာ ကရင်နီ လူမျိုးတွေ အတွက် ရိုးရာ ဓလေ့ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ လူမှုရေးတွေ ထိခိုက်လောက်အောင် သောက်သင့်မသင့်ဆိုတာကိုတော့ မျိုးဆက်သစ်လူငယ်တွေ ချင့်ချိန်သင့်တယ်လို့ ကရင်နီ သာသနာရေးနဲ့ ယဉ်ကျေးမှု ဒု-၀န်ကြီး ခူးစိုးရယ်က ပြောသွားပါတယ်။