မှတ်ပုံတင် ပြန်လာလုပ်သူများအတွက် ပြည်နယ်အစိုးရ ခွင့်ပြုချက် အမိန့်စောင့်နေ

မှတ်ပုံတင် ပြန်လာလုပ်သူများအတွက် ပြည်နယ်အစိုးရ ခွင့်ပြုချက် အမိန့်စောင့်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ ကရင်နီဒုက္ခသည်တွေဟာ ၎င်းတို ့ရဲ ့ ရွာဟောင်းသို့ ပြန်လာနေသူတချို့အတွက် မှတ်ပုံတင်ပြန်လုပ်ပေးဖို့ကို  ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ရှားတောမြို ့နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက “ပြည်နယ်ဝန်ကြီးချုပ်ဆီကနေ ခွင့်ပြုမိန့်ရပြီဆိုရင်ကျနော်တို့က ပြန်လာတဲ့ ဒုက္ခသည်တွေအတွက် အိမ်ထောင်စုစာရင်းတွေ မှတ်ပုံတင်တွေကို စတင်ပြီးလုပ်ပေးမှာပါ။ အထက်က ညွန်ကြားချက်လာမှ လုပ်ပေးရမှာဖြစ်တယ်။ မလုပ်ပေးနိုင်တာတော့မဟုတ်ဘူး။ ခွင့်ပြုမိန့်ကိုစောင့်နေရတာပါ” လို့ ပြောပါတယ်။

ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြအနေရ မြန်မာအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာ ယခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း ဒုက္ခသည်တချို့က ၎င်းတို ့ရဲ ့နေရပ်ရင်းကို ပြန်လာနေ ထိုင်ကြတာ တွေ့နေရပါတယ်။

ဒုက္ခသည်စခန်းမှ နေရပ်ရင်း ပြန်လာနေထိုင်တဲ့သူကို မြင်တွေ့ခဲ့တဲ့ ရှားတောမြို ့နယ် ဒေသခံတဦးက  “သူတို ့ တွေ တဲလေးထိုးပြီးနေကြတယ်။ သူတို့ပြန်လာနေထိုင်ကြတာ အခုဆို စုစည်းရွာ ဆယ်ရွာလောက်ရှိတယ်။ တရွာကို ၁၀ အိမ်ထောင်လောက်ရှိတယ်။ တချို့လဲ အခြေအနေတွေ လာလေ့လာတာဖြစ်မယ်” လို့ ပြောပါတယ်။

တချို့ဒုက္ခသည်တွေကလည်း ၎င်းတို ့ ပိုင်ဆိုင်တဲ့ တောင်ယာတွေ၊ ခြံတွေ၊ လယ်ယာမြေတွေကို ပြန်လာကြည့်ကြတဲ့ သဘောရှိပါတယ်လို ့ အဆိုပါ ရှားတောမြို့နယ်က ဒေသခံက ဆိုပါတယ်။

နယ်စပ် ဒုက္ခသည်စခန်းများက ပြန်လာခဲ့ကြတဲ့ သူတွေဟာ ရှားတောမြို့နယ်အတွင်းရှိ ဒေါခအောရွာ၊ ဒေါစေးရွာ၊ ဒေါတမရွာ စတဲ့ရွာတွေမှာ ပြန်လည်နေထိုင်ကြတာ ဖြစ်ပါတယ်။

ပြန်လာနေထိုင်ကြသူတွေထဲမှာ မှတ်ပုံတင်မရှိကြတဲ့သူတွေ လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာန နှင့်မြို့နယ်အုပ်ချုပ် ရေးမှူးရုံးသို့ လာရောက်ပြီး လူဦးရေစာရင်း ပေးပို့ထားကြတယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာတော့ အိမ်ထောင်စု ၂၄ စုနဲ့ လူဦးရေ ၅၈ ဦးလောက်ရှိတယ်လို့ သိရပါတယ်။

ရှားတောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးကလည်း “သူတို့တွေကလဲ အကုန်လုံး စာရင်းပေးချင်မှပေးမယ်။ အဲဒီထဲက တချို့ပဲလာပြီးစာရင်းပေးထားကြလို့ အခုလောလောဆယ် စာရင်းက အဲဒီလောက်ပဲ ရှိနေတာပါ” လို့ ပြောပါတယ်။

အဆိုပါ ဒုက္ခသည်များဟာ ယခင်က ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ နေထိုင်ကြပြီး ပြည်တွင်းစစ်ကြောင့် ထိုင်း- မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းတွေဘက်ကို ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြတာပါ။