ကွဲပြားမှုမှ မိုနူ - မနော

ကွဲပြားမှုမှ မိုနူ - မနော
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ ဆိုရင် ကယား၊ ကယန်း၊ ကယော၊ လထ၊ ယင်းသလဲ၊ ယင်းဘော်၊ ကေခို-ကေဘား၊ မိုနူ-မနော၊ ပကူး စတဲ့မျိုးနွယ်စုတွေ ရှိကြပါတယ်။ အဲဒီအထဲက ထူးချောင်းကို အခြေပြုပြီး ကျေးရွာအုပ်စု နှစ်စုကွဲပြားနေတဲ့ လူမျိုးစုတစုရှိပါတယ်။ အဲဒါကတော့ မိုနူမျိုးနွယ်စုပဲဖြစ်ပါတယ်။

မိုနူလူမျိုးစုတွေဟာ အများအားဖြင့် ကယားနဲ့အတူ ရှေ့ပဝေသဏီ ကတည်းက ကောင်းတူဆိုးဖက် ပေါင်းသင်လာကြတဲ့ လူမျိုးတ မျိုးဖြစ်တယ်။ မိုနူမနောတွေရဲ့ သက်ကြီးရွယ်အိုတွေ ပြောတာကတော့ ပြီးခဲ့တဲ့ နှစ်ပေါင်း လေးငါးခြောက်ရာက ကြိုက်ထီးရိုး ဘုရား ရှိတဲ့ နေရာကစပြီး တရွှေ့ရွေ့ ဒီမြောက်ဘက်ကို တက်လာတယ်။

ကနေ့ ကော်ယော်မူထာတို့ နေထိုင်တဲ့ အနောက်ဘက်မှာ လာနေကြတာဖြစ်တယ်။ အဲဒါက မိုနူမနောတွေရဲ့ နောက်ဆုံးသိရတဲ့ သူတို့ ဘယ်ကနေ ဆင်သက်လာတယ်ဆိုတာ ဖြစ်တယ်လို့ ကရင်နီ သမိုင်းကြောင်းတွေကို ရေးသားပြုစုသူလဲဖြစ်၊ ကရင်နီစော်ဘွား မျိုးနွယ်ဖြစ် တဲ့ ခူဘျားရယ်ပေါလ်လူက ပြောပါတယ်။
မိုနူ - မနော မျိုးနွယ်စု (ဓါတ်ပုံ - ကေတီ)

"ဒီကော်ယော်မိုနူမနောဆိုတာက သူ့စကား မဟုတ်ဘူး ကျတော်တို့ ကယား ကနေဖြစ်ပေါ် လာတဲ့ စကားပြောလို့ ရတယ်။ သူ့နှစ်ကိုယ် ကိုသူသိတာက ကော်ယော်မိုနူ (နေဝင်ဘက်က ကယား) ပေါ့။ နောက်တခါ သူ့အပြောအရ ဆိုရင် ကော်ယော်မူထာဆို (နေထွက်တဲ့ဘက် က ကယား)တွေ အဲဒီလိုပဲ အသုံးအနှုန်းကရှိ တယ်။ နောက်အဲဒီ ကော်ယော်မိုနူ ဆိုတဲ့ ကျတော်တို့ ကနေ့ပြောနေတဲ့ လူမျိုးဟာ သူ့မှာ တသီး တခြား မူပိုင်ယဉ်ကျေးမှုကို ကျတော်သိပ် မတွေ့ရဘူး"

မိုနူမျိုးနွယ်စုတွေဟာ ကရင်နီပြည်နယ် ယခင် ကြယ်ဖိုးကြီးနယ်၊ ယခု ဖရူဆိုမြို့နယ်အတွင်းမှာ တည်ရှိပြီး ထူးချောင်းနဲ့ လွိုင်ကော် - မော်ချီး ကားလမ်းကြားမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ဒီကော်ယော်မိုနူမှာဆိုရင် ကျေးရွာအုပ်စု ၂ စု ရှိပါတယ်။ တပိုင်းက ဒီလာစော (ဒိုးလာစော) ကျေးရွာ အုပ်စုဖြစ်ပြီး နောက်အုပ်စုတခုက တော်ခူဆိုတဲ့ ကျေးရွာအုပ်စုဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ 

"ကွဲတယ်လို့တော့မဟုတ်ဘူး။ ရေမြေသဘာဝ အနေအထားအရပါပဲ။ ဆက်သွယ်လွယ်ကူတဲ့ ကျေးရွာစု လေးတွေက အဲလိုမျိုး အပိုင်း ဖြစ်သွားတဲ့သဘောပါပဲ။ အနေအထားအရ ခွဲစရာမလိုဘူး သူ့ဟာသူခွဲပြီးသား။ တောတောင်ရေမြေသဘာဝ အနေအထားအရ အဲဒါမြောက်ပိုင်းကုန်းပြင်မှာ တရွာနဲ့တရွာ လက်လှမ်း ဆက်နွယ်နေ၊ ဆက်စပ်နေတဲ့ရွာလေးတွေကတော့ အများအားဖြင့် ကယော်မိုနူလို့ သူတို့ကိုယ်သူတို့ပြောတယ်"

ကျေးရွာအုပ်စုတွေ ကွဲပြားနေတဲ့အပြင် ယုံကြည်ကိုးကွယ်တဲ့ ဘာသာတွေလဲ ကွဲပြားကြပါတယ်။

တမူထူးခြားတာကတော့ ဒိုးလာစော ကျေးရွာအုပ်စုက ကယားနဲ့ နီးစပ်တဲ့အဆုံးကတော့ ဒီးကူပွဲတွေ၊ ဘာတွေလုပ်ပေမယ့် တံခွန်တိုင် အစဉ်အလာတော့ မရှိပါဘူး။ ခရစ္စယာန်သာသနာတွေ ၀င်ရောက်လာတဲ့ အချိန်မှာတော့ ကက်သလစ်ဘာသာဝင်တွေ အားလုံး နီးပါး ဖြစ်သွားတယ်။

နောက်ကျန်တဲ့ တော်ခိုကျေးရွာ အုပ်စုကတော့ အားလုံးနီးပါး နှစ်ခြင်းခရစ်ယာန်တွေ ဖြစ်ကြတယ်။ သူ့တို့ရဲ့တောင်ပိုင်းက ကရင်(ပကူး) မျိုးနွယ်နဲ့ ပိုနီးတော့ ဘာသာဓလေ့အရ ကရင်စာတွေကို ဖတ်မတ်တဲ့အချိန်မှာ ကရင်စကားတွေပြောကြပေမယ့် သူတို့ကိုယ်သူတို့ ကတော့ ကော်ယော်မိုနူလို့ပဲ ပြောကြပါတယ်။

မိုနူလူမျိုးတွေဟာ အဓိက လယ်ယာနဲ့ တောင်ယာတွေကို လုပ်ကိုင်စားသောက်ကြတယ်လို့ မိုနူလူငယ်တယောက်ဖြစ်တဲ့ ခူမာတိယာ က ပြောသွားပါတယ်။

"အဓိက မိုနူဒေသမှာက လယ်ယာတွေလုပ်တယ်။ အများအားဖြင့် တောင်ယာပေါ့နော်။ တောင်ယာနဲ့ လယ်ယာကိုပဲ လုပ်စားကြတယ်။ အမဲလိုက်တယ်။ တောမှာဟင်းရှာထွက်တယ်။ စီးပွားရေးဆိုလို့ရှိရင် သူတို့ဆီမှာရှိတဲ့ သစ်တောတွေကို အသုံးပြု ပြီးတော့မှ ရောင်း ထုတ်တာအဲလိုမျိုးတွေ။ နောက်အများအားဖြင့် သူတို့က ကရင်ဘက်ကို သွားပြီးတော့ ဖာလာပဲ ယူလာပြီးတော့ ဖာလာကို စီးပွားရေး အဖြစ်အသုံးပြုတယ်။ ပြီးတော့ ကိုယ်ပိုင်စီးပွားရေးဆိုလို့ အများအားဖြင့် ငရုတ်သီးစီးပွားရေးတွေလုပ်တယ်"

အဲဒီအပြင် ၀တ်စားဆင်ယင်မှုကတော့ ခပ်များများက ကယားနဲ့ဆင်တူတာတွေက များတယ်လို့ ခူဘျားရယ် ပေါလ်လူက ပြောပါတယ်။

"ဒိုးလာစော ကျေးရွာစုကလူတွေက ဒူးကြီးတွေတပ်များတယ်။ တော်ခူကျေးရွာစုက မိုနူတွေကတော့ အစောပိုင်းကတော့ ဘယ်လိုနေလဲ ကျတော်တို့ မခန့်မှန်းနိုင်ဘူးပေါ့။ နောက်ပိုင်းကြတော့ နှစ်ခြင်း ခရစ်ယာန်တွေရဲ့ ရှိခိုးဝတ်ပြုမှုဖြစ်လာတော့ အဲဒီဒူးကြီးအဆောင် အယောင်တွေတော့ သိပ်မတွေ့ရဘူး"

အခုနောက်ပိုင်း ခေတ်နဲ့အညီ မိုနူတို့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ဘာသာစကားကို ဖော်ထုတ်သွားဖို့ ကြိုးစားနေကြတာတော့ ရှိတယ်လို့ အသက် ၃၉ နှစ်အရွယ် မိုနူအမျိုးသမီး နဲဖိုးက ပြောကြားသွားပါတယ်။

"ကျမတို့ နှစ်ခြင်းရှိခိုးတဲ့အဖွဲ့က စာပေမရှိဘူး။ RC ကြတော့ အဲဒီလတ်တင် စကားကိုသုံးတယ်လေ။ အဲဒါကိုသူတို့က အကူအညီ ပြန်ပြီး မှသင်ကြားပြီး အဲဒီစကားကို ငါတို့ ဘာသာစကားတခုအဖြစ် ပြန်လည်ဖော်မယ်။ ပြီးမှ အဝတ်အစားကိုလည်း ငါတို့စုပေါင်းပြီးမှ မနောဝတ် စုံပေါ့ အဲလိုပြန်လည်ပြီးတော့ ဖော်ကြမယ်။ ခေတ်နဲ့အညီသူတို့လုပ်ကြတယ်"

မိုနူမျိုးနွယ်စုတွေဟာ သီးခြားမျိုးနွယ်စုတခု ဖြစ်နေပါတယ်ဆိုတာ မိုနူလူမျိုးတိုင်း ဆက်လက်ကြိုးစား ဖော်ထုတ်ဖို့ လိုတယ်လို့လည်း ပြော သွားပါတယ်။