ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ တည်ဆောက်နေတဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှာ အမြောက်တင့်ကားတွေ ထားရှိနေပြီလို့ဆိုပါတယ်။

"ညအချိန်မှာ ပစ္စည်းတွေ တင်လာတာက အများကြီးဘဲ ကားကြီးတွေဘဲ တွေ့ရတယ် ဘာတွေ တင်လာတယ်ဆို တာကတော့ မသိရဘူးပေါ့နော် ဘာဖြစ်လဲဆိုတော့ ကျနော်တို့က အနီး လာကြည့်လို့ မရဘူး နေ့ခင်းဘက် မှာတော့ တင့်ကားတွေ လေးငါးစီးတော့ လိုက်ပတ် မောင်းနေတာတော့ တွေ့နေရတယ်" လို့ ဖရူဆိုဒေသခံတဦးက ပြောပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလအတွင်းမှာ ဒီစစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက် နေမှုကိစ္စနဲ့ ပတ်သက် ပြီးတော့ ခေတ္တရပ်ဆိုင်း ထားဖို့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ - KNPP တို့က ဆွေးနွေးထားခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ထပ် အဆောက်အဦးများ အုတ်မြစ်ချခြင်း၊ လိုင်ဂူများတူးဖော်ခြင်းများ ဆက်လက် လုပ်ဆောင် နေရာမှ လက်နက်ခဲယမ်းတွေနဲ့ အမြောက် တင့်ကားတွေ ဖြည့်တင်း လာတယ်လို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။
"အခု အထက်က အမိန့်ကျလာတယ် နောက်ထပ် အိမ်အလုံး ၄၈ လုံး ထပ်မံတည်ဆောက်ဖို့အတွက် ငွေတွေ ထပ်ကျပြီ အဲဒါ အခုအုတ်မြစ်တွေ ဘာတွေ ချပြီးလုပ်နေပြီ" လို့ လေ့ကျင့်ရေးကျောင်းဆောက်လုပ်ရေးနဲ့ နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအဆောက်အဦး ၅၀ ကျော်တည်ဆောက်ထားပြီး ဒေသခံပြည်သူတွေက အမှတ် ၁၄ စစ်လေ့ကျင့်ရေး ကျောင်းကို ဆန့်ကျင်ကန့်ကွက် နေကြလို့လည်း ဒေသခံတွေမှာ အနီးကပ်သွားလာခွင့်မရကြဘူးလို့ ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အလုပ်သမားတွေက ပြည်မဘက်မှ အလုပ်သမားတွေကို ခေါ်ပြီး အလုပ်လုပ် နေကြပါတယ်။
"ကျနော်တို့ ဒီနီးနားက ရွာသားတွေက ပေးတောင်မဝင်ဘူး အထဲကို တကယ်လို့ သူတို့ ခေါ်တွေ့တာတောင်မှ အပြင်ဂိတ်မှာပဲ လာတွေ့ရတယ်" လို့ ဖရူဆိုကျေးရွာအုပ်စုမှ ကျေးရွာ ဥက္ကဌ တဦးက ပြောပါတယ်။



