ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ ထွက်ရှိသော ခဲများကို ဦးပိုင်ကုမ္ပဏီမှ စျေးနှုန်းမြှင့်တင် ပေးဖို့အတွက် ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတမှ သတ္တုတွင်းဝန်ကြီးအား တင်ပြတောင်း ဆိုလိုက်ပါတယ်။
ကလလတမှ ဗဟိုကော်မီတီအဖွဲ့ဝင် ဦးစောထိုက “စျေးနှုန်းနဲ့ အပြင်စျေးက သိပ်ကွာဟတယ်။ ကွာဟတဲ့ခါ ကျတော့ သတ္တုတွေက တကယ်လုပ်တဲ့ကျင်းပိုင်၊ လုပ်ခွင့်ရတဲ့ လူတွေက အနည်းစုပေါ့။ ၁၀ ယောက်မှာ တယောက်တောင်မရှိပါဘူး။ အများစုက အဆင်မပြေကြပါဘူး။ လုပ်လုပ်စားစားပဲ ဒီအခြေအနေမျိုးမှာ ရှိပါတယ်။ ဆိုတဲ့သဘောကတော့ ခုနလိုပေါ့ သတ္တုတွေက အပြင်စျေးကွက်ရောက်တာလည်း ရှိတာပေါ့။ ဒီလိုရောက်တဲ့ အကြောင်းအရင်းက ဘာကြောင့်လဲဆိုတော့ တာဝန်ကြေသွင်းတဲ့နှုန်းနဲ့ စျေးကွက်ပေါက်စျေးနဲ့ သိပ်ကွာဟတယ်” လို့ ပြောပါတယ်။
သြဂုတ်လ ၆ ရက်နေ့က ကရင်နီပြည် လွိ်ုင်ကော်မြို့နယ် ပြည်နယ်အစိုးရ ခန်းမဆောင်မှာပြုလုပ်တဲ့ ဒေသအ ဆင့် သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပတင်ပို့မှု အရည်အသွေးမြှင့်တင်ရေးနဲ့ စျေးကွက်ထိုးဖောက်နိုင်ရေး ဆွေးနွေးပွဲမှာ ပြောသွားတာဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမီတက်က တပိဿလျှင် ရ ထောင်ကျပ်သာပေးပြီး အခြားကုမ္ပဏီများက တပိဿ တသောင်းနှစ်ထောင်ကျပ်ပေးတယ်လို့ ဆက်ပြောပါတယ်။ မော်ချီးသတ္တုတွင်း ခဲလုပ်ခွင့်ရှိတဲ့သူတွေက သတ်မှတ်ထားချက်အရ တလကို ပိဿ ၂၀၀ ဦးပိုင် ကုမ္ပဏီကို သွင်းပြီးမှသာ ကျန်ရှိသော ပိဿာများကို တခြားပြင်ပကုမ္ပဏီကို ရောင်းရတာဖြစ်ပါတယ်လို့ သိရပါတယ်။
ဦးစောထိုက “ပေါက်စျေးက ရောင်းလို့မရဘူး။ မရဘူးဆိုတာက မြေဇာကိုကြည့်တယ်။ မြေဇာတပုံက ပိဿ ၂၀၀ သတ်မှတ်ပြီးတော့ အပြင်ရောင်းလို့မရဘူး။ အဲလိုတာဝန်ကြေပြီးတဲ့ခါကျတော့ ခုနလို စျေးနည်းတော့ အပြင်ပေါက်စျေးနဲ့က သိပ်ကွာဟလွန်းတယ်။ သူတို့လည်ပတ်နိုင်ဖို့ အကြံအဖန်လုပ်လာတာဖြစ်လာတယ်” လို့ ပြောသွားပါတယ်။
ဦးစောထိုရဲ့ တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဆင့် သတ္တုတွင်းဌာန ၀န်ကြီး - ဦးလင်းထိုက်က တဦးနှင့် တဦးပြန်ညှိကြဖို့သာ ပြောပါတယ်။
ဦးပိုင်ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ္ဌ်က ခဲပိဿ ၁၀၀ မှာ ၀ယ်ရင်းစျေးက ၈ သိန်းနဲ့ ၂သောင်းဖြစ်ပြီး အခွန်ဆောင်တဲ့ငွေက ပျှမ်းမျှ တပိဿကို ၁၅၀၀ ကျပ်ရှိတဲ့တွက် ပိဿ ၁၀၀ဆိုလျှင် ကုန်ကျစရိတ် စုစုပေါင်း ၉ သိန်းခွဲခန့်ရှိတယ်လို့ ပြောပါတယ်
“ကျနော်တို့ပိုင်းကျတော့ အခုလက်ရှိ စျေးအရကိုပဲ ကမ္ဘာ့ပေါက်စျေးမှာတော့ ရှုံးနေတယ်။ ဒါကြောင့် ကျနော်တို့က ခုန အဘကို တင်ပြထားတဲ့ ရာခိုင်နှုန်းတွေ အချို့တွေ လျှော့ပေးပါဆိုတာ ကျနော်တို့က ပိဿ ၁၀၀ ၀ယ်ရင် ၆၀.၂ ပိဿပဲရတယ်။ အဲကုန်ကျစရိတ်ကျတော့ ၁သောင်း ၄ထောင်ကျော်သွားတဲ့အတွက် ရပ်တည်ရတာ အခက်အခဲဖြစ်တော့ ဒေသခံ ကျင်းပိုင်ရှင်ကို ပေးရတဲ့နေရာမှာ အခက်အခဲအများကြီး ဖြစ်သွားတယ်” လို့ ဦးပိုင်ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။
မော်ချီးဒေသမှာ ခဲကျင်းအမှတ် ၁ ကနေ အမှတ် ၅ အထိ ခဲကျင်းကြီး ၅ ခု ရှိပြီး ကျင်းငယ်ပေါင်း ၃၀၀ ကျော်လောက် ရှိပါတယ်။ မော်ချီးဒေသမှာ လုပ်ကိုင်နေကြတဲ့ ခဲလုပ်ငန်း ကုမ္ပဏီတွေကတော့ ရဲထွန်းကျော် ကုမ္ပဏီ၊ KNPC ဦးပိုင် ကုမ္ပဏီ၊ ကရင်နီအမျိုးသား သွေးစည်းညီညွတ်ရေး KNSO ကြယ်ဖြူတို့ ဖြစ်ပါတယ်။ မော်ချီးဒေသကနေ ထွက်ရှိတဲ့ ခဲတွေကို အဓိက တရုတ် နိုင်ငံဘက်ကို တင်သွင်းကြပါတယ်။



