မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရတို့၏ ခန့်မှန်း ထားချက်အရ ထိုင်းနိုင်ငံတွင်း၌ တရားမဝင် မြန်မာ အလုပ်သမား တစ်သန်းခန့် ရှိနေသေးကြောင်း ထိုင်း အလုပ်သမား ဝန်ကြီး ဌာနမှ မီဒီယာများအား ထုတ်ဖော် ပြေကြား ခဲ့ပါသည်။

ထိုင်းအစိုးရသည် ဤအလုပ်သမား များကို မြန်မာနိုင်ငံသို့ ကိုယ့်နည်း ကိုယ်ဟန်နှင့် ပြန်စေလိုပြီး ယာယီ နိုင်ငံကူး ပတ်စပို့ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် ၀င်ရောက်စေလိုသည်။ ထိုမှ တဆင့် တရားဝင် အလုပ်သမားများ ဖြစ်လာရန် အဆင့်ဆင့် ဆောင်ရွက်သွားမည်ဟု ထိုင်းဖက်မှ သဘောထားပါသည်။ သို့မဟုတ်ပါက တရားမဝင် ခိုးဝင်မှုများကို အားပေးသလို ဖြစ်နေမည်ဟု ဆိုထားပါသည်။
မြန်မာ အစိုးရ ဖက်မှာမူ ဤအလုပ်သမားများကို အရင်လုပ်ထုံး လုပ်နည်းအတိုင်း တရားဝင်စေရန် ဆောင်ရွက်ပေးစေလို ကြောင်း ထိုင်းအစိုးရအား တိုက်တွန်းထားသည်ဟု ထိုင်းအလုပ်သမား ၀န်ကြီး ဌာနမှ မီဒီယာများကို ထုတ်ဖေါ်ပြောဆို ထားပါသည်။ တနည်းအားဖြင့် အဆိုပါ အလုပ်သမား တစ်သန်းအား အလုပ်လုပ်ခွင့် လက်မှတ်သစ် ထုတ်ပေးရန် မြန်မာ အစိုးရမှ တောင်းဆို ထားခြင်း ဖြစ်ပါသည်။
ထိုင်းအစိုးရ အနေနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း တစ်သန်းနှင့် ခုနှစ်သိန်းအား ယာယီ နိုင်ငံကူး လက်မှတ်ဖြင့် အလုပ်လုပ်ခွင့် သက်တမ်း လက်မှတ်များကို ထုတ်ပေးပြီး ဖြစ်ပါသည်။
ဤကိစ္စများကို ဆောင်ရွက်ရန် မြန်မာ အလုပ်သမား ဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်သည်၊ ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား အခွင့်အရေး ကူညီ ဆောင်ရွက် ပေးရေး အဖွဲ့များနှင့် ယမာန်နေ့၌ ဘန်ကောက် မြန်မာသံရုံး၌ တွေ့ဆုံခဲ့ ကြောင်း အလုပ်သမားအရေး တာဝန်ခံ ဦးကျော်ကျော်လွင်က ပြောပါသည်။
dewe3211009“သူတို့ကို အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့၊ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ ဆိုတဲ့ ကိစ္စက တတ်နိုင် သလောက် နည်းလမ်းတွေ စဉ်းစား ထားကြဖို့ အလုပ်သမား ဝန်ကြီးက ပြောတယ်၊ ဒါကတော့ ထိုင်းအစိုးရနဲ့ ညှိရအုံးမယ့် အနေအထား ရှိနေသေးလို့ ကြိုပြော ထားလို့ မကောင်းဘူးပေါ့” ဟု ဦးကျော်ကျော်လွင်မှ ပြောပါသည်။
ထိုင်းဝန်ကြီးချုပ် ယင်လာပ် ရှင်နာဝါဒ် နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့စဉ်၌လည်း မြန်မာ အလုပ်သမား များအား ကူညီ စောင့်ရှောက်ရန် အတွက် ဝန်ကြီးချုပ်မှ အာမခံ ပြောကြားခဲ့ပြီး လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်လက် ညှိုနှိုင်း လုပ်ဆောင်ရန် နှစ်ဖက် စလုံးမှ ညွှန်ကြားချက် ပေးပြီးဖြစ်၍ ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဦးကျော်ကျော်လွင်မှ ပြောပါသည်။
“အလုပ်သမား ဝန်ကြီးက သူအနေနဲ့ ပိုပြီး လေ့လာ ချင်တာက အလုပ်သမား တွေရဲ့ အခြေအနေ၊ အလုပ်သမား အခွင့်အ ရေး အခြေအနေ တွေကို သိချင်တယ်၊ ကျွှန်တော်တို့ အဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ ဘယ်လို ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုတာ သူအကြံပြုပြီး ဆွေးနွေးတာပါ” ဟု ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် FED မှ ဦးတူးချစ်က ပြောပါသည်။
ဆွေးနွေးပွဲသို့ မြန်မာ အလုုပ်သမား ဝန်ကြီးဌာနမှ ဝန်ကြီး ဦးအောင်ကြည်၊ မြန်မာ သံရုံးမှ အလုပ်သမားရေး တာဝန်ခံ ဦးကျော်ကျော်လွင်၊ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (BAT), ချင်းမိုင် အခြေစိုက် မြန်မာ့ ရွှေ့ပြောင်း အလုပ် သမား အရေး ကူညီ ဆောင်ရွက် ပေးရေး အဖွဲ့ MAP Foundation, ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED တို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။



