ကရင်နီပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အချိန်ကာလအတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ကိုယ်စားပြု ဆွေးနွေးမှုတွေ ပါဝင်စေဖို့အတွက် အမျိုးသမီးများအဖွဲ့ချူပ်က ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) အဖွဲ့ထံသို့ လာရောက်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ကြပါတယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မျိုးတွေ ပြန်လည်တည်ထောင်နိုင်မှုတခုကို လုပ်ဆောင်တဲ့နေရာမှာ တွန်းအားတခုအနေနဲ့ လာရောက်ဆွေးနွေးရခြင်းဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချူပ် - WLB (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက ပြောပါတယ်။
မတင်တင်ညိုက “ နိုင်ငံရေးအရဦးဆောင်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှု နောက်ပြီးတော့ ဒီအမျိုးသမီးတွေရဲ့ အသံအတွေးအခေါ် အယူအဆ ဒါတွေပါအကြံုးဝင်တဲ့ ဆွေးနွေးချက်မျိုးပါဝင်လာနိုင်ဖိို့ လိုက်လံဆွေးနွေးဖလှယ်ခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
(WLB) အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့က လာရောက်တွေ့ဆုံပြီးတဲ့နောက်မှာ (WLB) အဖွဲ့ဝင်တွေကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တဖွဲ့ပြီးတဖွဲ့ ဆွေးနွေးမှုတွေလာရောက် ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
အမျိုးသမီးတွေကိုယ်၌ကလည်း ဒီလိုလုပ်ငန်းတွေမှာ စိတ်ရှည်သည်းခံမှု၊ အနစ်နာခံမှုတွေ လိုအပ်နေ သေးတယ် ၊ ကြိုးစားဖို့လိုပါတယ်။ ဇွန်လမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကလည်း အမျိုးသမီးတွေကိုကာကွယ်တဲ့အနေ နဲ့ဘဲ တိုက်ပွဲဖြစ်ခဲ့ရခြင်းဖြစ်တယ်လို့ KNPP ဗဟိုကော်မီဝင်တဦးလည်းဖြစ် ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် လည်းဖြစ်တဲ့ ဗိုလ်ချူပ်အောင်မြက ပြောပါတယ်။
“တိုက်ပွဲဖြစ်တယ်။ ဘာကြောင့်ဖြစ်သလဲ ဇွန်လ ၂၄ ရက် က ၄၂၁ တပ်က ၁၅ နှစ်ရှိတဲ့ အမျိုးသမီးတယောက် ကို ၅ ရက်လောက် စစ်ကြောင်းထဲကိုခေါ်သွားတယ်ဆိုတာ ဘယ်သူကသွားယုံမလဲ။ ငြိမ်းချမ်းရေးကိုထိန်းသိမ်း ဖို့ဆိုတာ ကျနော်တို့ကို ဘယ်သူကသွားထိန်းသိမ်းမလဲပစ်ပါ။ ဖြစ်စရာရှိတာဖြစ်ဆိုပြီး ၂၇ ရက်မှာပစ်တာ ဟို့ …၂၉ ရက်နေ့မှ ပြန်ရောက်တယ်။ ဒီကောင်မလေးက ဒါကဘယ်လိုလုပ်မလဲ။ ဒါကလက်ရှိမှာဖြစ်နေတဲ့အပေါ် မှာ အမျိုးသမီးကိုမစောင့်ရှောက်ပါဘူး။ လူ့အခွင့်အရေးကို မကာကွယ်ပါဘူးဆိုတာဒီထက်ကာကွယ်စောင့် ရှောက်တာ ဘယ်မှာရှိမလဲ” လို့ ဗိုလ်ချူပ်ကအမျိုးသမီးအဖွဲ့ချူပ်နဲ့ တွေ့ဆုံစဉ်မှာ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ဧပြီလမှာ ရှားတောမြို့နယ်ဘက်တွေကို လူထုစည်းရုံးရေးတွေ့ဆုံဆွေးနွေးပွဲ သွားရောက်ခဲ့စဉ်အချိန်က အမျိုးသမီးတွေရဲ့ဘဝ နိုင်ထက်စီးနှင်းပြုကျင့်ခံရတာတွေ ၊ ကြံုတွေ့နေရတဲ့ အခြေအနေနဲ့ကြောက်ရွံ့နေရတဲ့ အခြေအနေပေါ်မှာလည်း လူထုတွေက အဓိကဆွေးနွေးတင်ပြသွားကြတယ်လို့ လူထုစည်းရုံးရေးခရီးစဉ်ကို လိုက်ပါသွားတဲ့ ဆရာမဘဲမယ်က ပြောပါတယ်။
WLB နဲ့တွေ့ဆုံစဉ်မှာ ဆရာမဘဲမယ်က “သူတို့ခပ်များများတောင်းဆိုတာက အမျိုးသမီးတွေရဲ့ အခွင့်အရေး တွေ ကလေးအခွင့်အရေးတွေ အမျိုးသမီးနဲ့ ကလေးကာကွယ်ရေးတွေ သူတို့အဲဒါဘဲ ပြောနေတယ်။ အကြမ်းဖက်ဖြစ်လာမည့်ဟာတွေကို စိုးရိမ်တဲ့ဟာတွေဆိုတာတွေကို သူတို့ကိုယ်တိုင်က တောင်းဆိုတယ်” လို့ ပြောပါတယ်။
ကျေးလက်ဒေသတွေဘက်က အမျိုးသမီးတွေရဲ့ဘဝက စစ်ဘေးစစ်ဒဏ်ကိုပိုပြီး ခံစားနေရတာကြောင့် ယခုလိုတင်ပြဆွေးနွေးရခြင်းဖြစ်တယ်လို့ ဒီးမော့ဆိုမြို့တွင် မတ်လ ၉ ရက်နေ့က ကျင်းပတဲ့ လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာ အမျိုးသမီးထုကိုယ်စား နော်ဖောဝါး ပြောဆိုသွားခဲ့ပါတယ်။
“စစ်ကြောင့်ဘဲကျမတို့အမျိုးသမီးတွေ ကလေးသူငယ်တွေဟာစစ်ရဲ့သားကောင်တွေဖြစ်ခဲ့ရပါတယ်။ ကျေးလက်တွေမှာလည်း အမျိုးသမီးတွေကလေးတွေရဲ့ လုံခြံုမှုကအားနည်းနေပါတယ် ဆိုတာကလည်း အမှန်ပါဘဲ အလွန်ဘဲအားနည်းနေပါတယ်။ ငြင်းပယ်လို့မရပါဘူး ဒီအချက်တွေက” လို့ ပြောပါတယ်။
ကျေးလက်ဒေသဖက်တွေမှာနေတဲ့ အမျိုးသမီးငယ်တွေအတွက် အကြမ်းဖက်မှုတွေ မတရားအဓမ္မပြုကျင့်ခံရမှု ပပျောက်နိုင်ဖို့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ အမျိုးသမီးအဖွဲ့တွေကနေပြီး လိုက်လုပ်ပေးနိုင်တယ် ဆွေးနွေးပေးနိုင်တယ်။ ဆိုပေမဲ့လို့ ဒီလိုကျေးလက်ဒေဘက်မှာ နေနေကြတဲ့ ကရင်နီအမျိုးသမီးတွေရဲ့ ခံစားမှုတွေ ၊ ကြံုတွေ့နေကြတဲ့ပြသာနာတွေ ဘဝပျက်ခဲ့ရတဲ့အဖြစ်အပျက် တွေအားလုံးဟာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတွင်းမှာလည်း ကြံုတွေ့နေရဆဲဘဲ ဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အမျိုးသမီးလူထုအတွက် ကိုယ်စားပါဝင် ဆွေးနွေးနိုင်မည်ဖြစ်ပေမဲ့လို့ အစိုးရနဲ့ တပ်ဘက်ဆိုင်ရာစစ်တပ်တွေကိုယ်၌ကလည်း အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာမှုမရှိရင်တော့ ကရင်နီအမျိုးသမီးငယ်တွေရဲ့ဘဝတွေ က နှစ်မွန်းနေကြအုံးမှာသေချာတယ်လို့ ဗိုလ်ချုပ်အောင်မြက ဆိုပါတယ်။



