KNPP တရားဝင်ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီ

KNPP တရားဝင်ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ  မြန်မာအစိုးရနှင့် တရားဝင်ဆက်သွယ် ဆက်ဆံနိုင်ဖို့ ယနေ့ မနက် (၈) နာရီချိန်တွင် ဆက်ဆံရေးရုံးကို လွိုင်ကော်မြို့မှာ တရားဝင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

လွိုင်ကော်မြို့၌ KNPP ဆက်ဆံရေးရုံးဖွင့်လှစ်စဉ် (ဓါတ်ပုံ-KnIC)

ဆက်ဆံရေးရုံးကို ဖွင့်ပွဲအခမ်းအနားဖြင့် လွိုင်ကော်မြို့ ဒေါဥခုရပ်ကွက် အိမ်အမှတ် (၁၈) တွင် နာရီဝက်အကြာ ကျင်းပပြုလုပ်ကြပါတယ်။

တရားဝင်ဆက်ဆံရေးရုံးဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်ကိုတော့ KNPP ဗဟိုကော်မတီဝင်တဦးလည်းဖြစ် လွိုင်ကော်မြို့ဆက်ဆံရေးရုံးရဲ့ တာဝန်ခံလည်းဖြစ်တဲ့ ခူဒယ်နီယာက ယခုလိုပြောပါတယ်။

ခူဒယ်နီယာက “တဖက်နဲ့တဖက်ယုံကြည်မှုရှိဖို့ တပ်ကိစ္စတွေ အဖွဲ့ဝင်ကိစ္စတွေ ညှိနှိုင်းဖို့ ဒါကတော့ ရည်ရွယ်ချက်ဖြစ်တယ်။ အဓိကရင်းရင်းနှီးနှီး ဆက်ဆံဖို့ပါဘဲ။ တောင်းဆိုထားတဲ့အချက်အလက်ပေါ်မှာ လိုက်နာဆောင်ရွက်မှုရှိမရှိ ဒါကရည်ရွက်ချက်တွေဘဲ” လို့ ပြောပါတယ်။

ရှေ့ဆက်လုပ်ငန်းစဉ်တွေအနေနဲ့တော့ “ဒီ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲ တဖွဲ့နဲ့တဖွဲ့ တပ်သွားလာ မှုတွေကို ဘယ်လိုအကြောင်းကြားပြီးသွားလာကြမလဲ ဆိုတာတွေရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဖို့ပဲ” လို့ ခူဒယ်နီယာက ဆက်ပြောပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်အစိုးရဝန်ကြီးချူပ်နဲ့ ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန် ထမ်းများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့တွေနဲ့ ဒေသခံလူထုများအားလုံး လူဦးရေ ၁၀၀ ကျော်ကျော် တက်ရောက်ကြပါတယ်။

ရှားတောမြို့နဲ့ ဖားဆောင်းမြို့တွေမှာထားရှိမည့် KNPP ဆက်ဆံရေးရုံးကိုလည်း ယခုလ ၂၇ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ တရားဝင်ဖွင့်လှစ်သွားမည်လို့ သိရှိရပါတယ်။