အစိုးရ တပ်ဖွဲ့မှ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) အား အရှိန်မြင့်ပြီး တမင် လာရောက် တိုက်ခိုက်နေ သည်ဟု RCSS ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆိုင်မိန်း ကပြောပါသည်။

“ဇူလိုင် ၂၂ ရက်နေ့က မိုင်းပန်းမြို့နယ်မှာ အစိုးရတပ်က ကျတော်တို့ တပ်ရှိတဲ့နေရာကို ဘာမှ အကြောင်းမကြားဘဲ တမင် ကို ၀င်တိုက်ခဲ့တယ်။ အထိအခိုက် အကျဆုံးကတော့ အသေးစိပ် မသိရသေးဘူး။ ဒီနေ့လဲ ဖြစ်နိုင်ချေရှိသလို ဆက်တိုက် မ တိုက်ဆိုတာကိုလည်း မပြောနိုင်သေးဘူး။ စစ်ပြင်ဆင်မှုတွေက အရှိန်တက်လာနေတယ်” ဟု ဆိုပါသည်။
ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့တွင်လည်း ရှမ်းပြည်နယ် လဲချား (လိုင်းခ) မြို့နယ် ၀မ်းယိန်းရွာတွင် ရှိသော RCSS စခန်းကို အစိုးရ တပ်ဖွဲ့က တမင်ဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုသည် (၂၄) ကြိမ်မြောက် အစိုးရတပ်ဖွဲ့က RCSS တပ်ကို တမင်ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပြီး ဤကိစ္စကို အစိုးရထံ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသည့် အပြင် ယခုလည်း ထပ်မံ တိုက်ခိုက်လာပြန်ပါသည်။
ဤသို့ကြောင့် အစိုးရ၏ ၀င်ရောက် တိုက်ခိုက်မှုများကို ဖြေရှင်းရန် RCSSသည် ပြီးခဲ့သည့် မေလ (၁၉) ရက်နေ့၌ ဦးအောင် မင်းခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များအား ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို ့တွင် သွားရောက်တွေ့ ဆုံဖြေရှင်း ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် ကျိုင်းတုံ၊ မိုင်းပြင်း နှင့် မိုင်ယောင်းမြို့နယ်ထဲ၌ ရှိသည့် RCSS/SSA တပ် များ ထိုင်းနယ်စပ်သို့ ပြောင်းရွေ့ပေးရန် တောင်းဆိုထားပါသည်။ အလားတူ RCSS/SSA ဘက်ကလည်း ဟိုမိန်းနှင့် မိုင်း ထားမြို့နယ် နယ်မြေ များ၌ ရှိသော အစိုးရ တပ်များလည်း ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ပါသည်။
ဤတောင်းဆိုချက်များအတိုင်း နှစ်ဖက်စလုံးမှ မူအရ သဘောတူ ထားသော်လည်း အစိုးရ တပ်ဖွဲ့များသည် ဆုတ်ခွာခြင်းမရှိ ဘဲ၊ ဆုတ်ခွာပေးရန် တောင်းဆိုထားသော နေရာ၌ရှိသော RCSS တပ်များကို (၂၄)ကြိမ်တိုင် တမင် ၀င်ရောက်တိုက်ခိုက် နေခြင်းဖြစ်သည်ဟု RCSS ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆိုင်မိန်းက ဆိုပါသည်။
RCSS သည်၊ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန္နာဝါရီလ (၁၆) ရက်နေ့တွင် သဘောတူချက် (၁၁) ချက် ဖြင့်ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နှစ်ဖက် သဘောတူ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုး ခဲ့ပါသည်။
အလာတူ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တပ်စခန်း (၃) ခုကိုလည်း ယခု လဆန်းပိုင်း၌ အစိုးရတပ်မှ ဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ထို့အပြင် လားရှိုး၊ သီပေါနှင့် မိုင်းရယ်မြို့နယ်တွင်း လှုပ်ရှားနေသော SSPP/SSA တပ်များ ဤနေရာမှ အမြန်ရုပ်သိမ်းပေးရန် ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်နေ့က အရှေ့မြောက်ပိုင်း တိုင်းမှူးက အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ လှုပ်ရှားတပ်များ မရုပ်သိမ်းပေးပါက (၅) ရက်အတွင်း အစိုးရတပ်မှ ထိုးစစ်ဆင်မည်ဟု ရာဇသံ အပေးခံထားရပါသည်။
“အပစ်အခတ် ရပ်စဲရေးဆိုတာက အဓိပ္ပါယ် မရှိတော့ဘူးလေ။ သမ္မတလည်း ရေမှုတ်တဖက် မီးစတဖက်ပါဘဲ။ ပြသနာတိုင်းကို သမ္မတထံ တင်ပြပေမဲ့ ပြန်ကြားချက်က ဘာမှမရှိတော့ အပစ်အခတ် ရပ်စပ်ရေး ကတော့ဖြင့် ပြန်သုံးသပ်လို့ ရလောက် ပါပြီး၊ တကယ်တော့လည်း ငြိမ်းချမ်းရေး ရအောင် တည်ဆောက်မယ်လို့လည်း အစိုးရသစ်က ဆိုပေမဲ့ သူတို့ချထားတဲ့ ငြိမ်းချမ်းရေး ပေါ်လစီ ကလည်း မူဟောင်းပါဘဲ။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးပြသနာဟာ အစိုးရရဲ့ နိုင်ငံရေးအမြတ်တခု အတွက် အသုံးချစရာဘဲ ဖြစ်မှာပါ” ဟု အမည်မဖေါ်လိုသော SSPP ၏ ပြောရေး ဆိုခွင့်ရှိသူ တဦးက ပြောပါသည်။
ဤမူဝါဒများကြောင့်သာ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့(KIO)၊ ပလောင်ပြည် လွတ်မြောက်ရေး အဖွဲ့ (PSLO)၊ တို့ကို စစ်ဆင် နေချိန်၌ အပစ်ရပ်ပြီးသား ရှမ်းပြည်တိုး တက်ရေးပါတီနှင့် (SSPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ကိုလည်း တမင် ၀င်တိုက်နေခဲ့ခြင်းဖြစ်သည်ဟု ရှမ်းအဖွဲ့များက သုံးသပ်နေပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များထဲမှ တချို့အဖွဲ့များကို အခွင့်အရေး ပိုပေးသော မက်လုံးဖြင့် ထိမ်းထားသ လို၊တချို့အဖွဲ့ကို စစ်ဆင်နေပါသည်။ တချို့အပစ်ရပ်ပြီးသားအဖွဲ့ကို ထပ်မံ စစ်ဆင်ပြီး၊ ကိုးကန့်လို အဖွဲ့မျိုးကို ချေမှုန်းခဲ့ပါ သည်။ ၀” ပြည် သွေးစည်း ညွတ်ရေး ပါတီလို အင်အားတောင့်တင်းသော အဖွဲ့ကို ချန်ထားပြီး အားနည်းသော အဖွဲ့များကို အကြောင်း အမျိုးမျိုးပြပြီး လိုက်လံချေမှုန်းနေပါသည်။
ဤသည်ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဆိုသော အစိုးရသည် တပြည်လုံး အတိုင်းတာ ဆောင်သော အပစ် အခတ် ရပ်စဲရေးကို မကြေညာသလို အပစ်အခတ် ရပ်စဲသောနည်းဖြင့်လည်း တိုင်းရင်းသား တပ်ဖွဲ့များကို ချေမှုန်းနေပါသည်ဟု နယ်စပ် စစ်ရေးလေ့လာ နေသူများက သုံးသပ်နေပါသည်။



