ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းတွေမှာ သောင်းနဲ့ချီပြီး ထွက်ပြေးရောက်ရှိနေကြတဲ့ ကရင်နီဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ ထောင်နဲ့ချီပြီး ပုန်းအောင်းနေကြရတဲ့ IDP တွေရဲ့နေရာပြန်လှည်ချထားရေး အစီအစဉ်ကို ဆောင်ရွက်ကြရာမှာ အလောတကြီးနဲ့ အဆင့်တွေကျော်ပြီး မလုပ်ဆောင်သင့်သေးဘူးလို့ အကြံပြုလိုတဲ့အပေါ်မှာ ဒုက္ခသည်တွေကို နေရပ်ရင်းသို့ပြန်နေထိုင်နိုင်ရေးကို ပိတ်ပင်နေတယ်ဆိုတဲ့ ကောက်နှုတ်ချက်မျိုးမဖြစ်စေလိုပါ။
ဘာဖြစ်လို့လဲဆိုတော့ ကရင်နီတွေအခုတခေါက် အိမ်ပြန်ရင် နှောင်ဘယ်သောအခါမှ တပါးနိုင်ငံမှာ ဒုက္ခသည်အဖြစ်မျိုး ပြန်မရောက်စေချင်တော့လို့ပါ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စုအစိုးရတို့ ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ရန် ပြီးခဲ့တဲ့ဇွန်လ ၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးအချက် ၁၄ ချက်နဲ့ နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရာမှာ အရေးကြီးဆုံးအချက်တချက်ဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်ကို အကြေအလည် ဆွေးနွေးခဲ့ကြပေမည့်လို့ နှစ်ဘက်သဘောတူညီချက် မရခဲ့ကြပါဘူး။
ဒီအခြေအနေအောက်မှာ တိုင်းတပါးရောက်ဒုက္ခသည်တွေ နေရာပြန်လှည်ချထားရေးအစီအစဉ်တွေနဲ့ ပါတ်သက်ပြီးဒုက္ခသည်တွေရဲ့ ဆန္ဒအမှန်ကိုကောက်ယူမည် ဆိုတဲ့အစီအစဉ်တွေလည်းရှိလာနေပါတယ်။ တပ်ကိစ္စတွေမပြေလည်သေးတဲ့အချိန်မှာ ဒုက္ခသည်အရေးလုပ်ဆောင်ဖို့ စောနေမလားလို့ယူဆပါတယ်။
လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကရင်နီပြည်မှာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် - ဒကစ လက်အောက်ခံတပ်ရင်း ၁၁ ရင်း၊ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် - စကခ (၇) လက်အောက်ခံ ၃ ရင်းနဲ့ တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ရ ရင်း အပြင် နယ်ခြားစောင့်တပ် ၂ ရင်းတို့ တပ်စွဲထားပါတယ်။
တိုင်းတပါးနဲ့လည်း စစ်မဖြစ်တဲ့အတွက်ကရင်နီပြည်မှာ ဒကစ လက်အောက်ခံတပ်ရင်း ၁၂ ရင်း၊ နယ်ခြားစောင့်တပ် ၂ ရင်းနဲ့ KNPP မှ တပ်ရင်း ၃ ရင်းလောက်သာထားရှိပြီးကျန်တပ်ရင်းတွေကို ဆုတ်ခွာပေးလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းရာမှာ အထောက်အကူများစွာပြုစေမှာဖြစ်ပါတယ်။
ယခု KNPP နဲ့အစိုးရအကြားတပ်ကိစ္စ ဆုံးဖြတ်ချက်မချနိုင်သေးတဲ့ အဓိကအကြောင်းအရင်းမှာ အစိုးရတပ်တွေ မဆုတ်ပေးနိုင်တဲ့အတွက်ကြောင့်လို့ ရှုမြင်ပါတယ်။ အစိုးရတပ်ဆုတ်ခွာပေးဖို့ဆိုလိုရခြင်းမှာ အထက်မှာဖေါ်ပြ ထားတဲ့အတိုင်း ကရင်နီပြည်မှာချထားတဲ့ တပ်ရင်းတွေအားလုံးကို ဆိုလိုတာမဟုတ်ပါ။
တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေကိုသာ ဆုတ်ပြလိုက်ရင်ဖြင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစားပွဲပေါ်က ဆွေးနွေးမှုတွေ ပိုမိုသက်ဝင်လာမယ်လို့ ယူဆပါတယ်။
တပ်မ ၅၅ ဆုတ်ပြလိုက်ဖြင့် နိုင်ငံတော်လုံခြံုရေးကိုဘယ်လိုနည်းနဲ့မှ ထိခိုက်နှစ်နှာသွားမှာတော့မဟုတ်ပါ။ သို့သော်… KNPP အနေနဲ့ “အစိုးရပေါ်မှာယုံကြည်မှုရှိလာအောင်” ပြသလိုက်ခြင်းဘဲလို့မြင်ပါတယ်။
မတော်လို့ တိုင်းတပါးနဲ့စစ်ဖြစ်ခဲ့ရင်တောင်မှ နိုင်ငံရဲ့ပါတ်ပါတ်လည်မှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေ အနေနဲ့ ဒီအတိုင်းရပ်ကြည့်နေမှာတော့ မဟုတ်ဘူးလို့ထင်ပါတယ်။
အဲ့ဒီအခြေအနေရောက်လာခဲ့ရင် စကခ၊ တပ်မနဲ့ အထူးတပ်တွေကို နိုင်ငံတော်ကိုကာကွယ်ဖို့ တိုင်းတပါးနဲ့ စစ်ဖြစ်တဲ့ပြည်နယ်သို့ အချိန်မရွေး စေလွတ်လို့ရပါတယ်။
စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုကြိုးပန်းကြရာမှာ တဘက်ကယုံကြည်မှုရှိလာအောင် တဘက်ကသက်သေပြမှုတွေ လုပ်ပေးရမှာပါ။
KNPP အနေနဲ့အစိုးရအပေါ်မှာယုံကြည်မှုရှိလာစေဖို့ ယခင်စစ်အစိုးရအုပ်ချုပ်တဲ့ လက်ထက်ကတည်းက ငြိမ်းချမ်းရေးကိစ္စနဲ့ပါတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့တဲ့အခါတိုင်း ကရင်နီပြည်မှာရှိသင့်ရှိထိုက်တဲ့ တပ်ရင်းထက် ထိုးစစ်ဆင်ထားတဲ့တပ်မ လက်အောက်ခံတပ်ရင်းတွေကိုဆုတ်ပေးဖို့ အမြဲလိုလိုတင်ပြ ဆွေးနွေးခဲ့ကြတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
ယခုအရပ်သားအစိုးရဖြစ်လာတဲ့လက်ထက်မှာလည်း ဒီကိစ္စကိုဘဲအဓိကထား နေတာကိုတွေ့ရှိရပါတယ်။
KNPP ကအစိုးရနဲ့ ပြည်နယ်အဆင့်က နေပြည်ထောင်စုအဆင့်ထိ တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဟာခိုင်မာပြီလို့ ပြေးပြီးမြင်နေလို့မရသေးပါဘူး။ ပြည်ထောင်စုအဆင့်မှာ သဘောတူထားကြတဲ့အချက် ၁၄ ချက်ထဲမှာ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ “အရေးကြီးဆုံးအချက်ဖြစ်တဲ့ တပ်ကိစ္စ” မပါလာသေးပါဘူး။
ယခုလိုငြိမ်းချမ်းရေးအတွက် အဘက်ဘက်မှကြိုးပန်းနေတဲ့ အချိန်ကာလအတောအတွင်းစီးပွားရေး၊ လူမှုရေး၊ ဖွ့ံဖြိုးရေး စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ကြရာမှာမတည်ငြိမ်သေးတဲ့ နိုင်ငံရေးအခြေအနေအောက်က သတိအနေအထားနဲ့ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သွားကြဟန်တူပါတယ်။
ဒါကြောင့် ခုနကအစပျိုးထားတဲ့ ဒုက္ခသည်တွေရဲ့နေရာ ပြန်ချထားရေးအစီအစဉ်ဟာလည်း နိုင်ငံရေးအခြေအနေက စိတ်ချပြီဆိုတဲ့ အနေအထားတခု ရောက်မှဘဲ လုပ်ဆောင်သင့်ပါတယ်။
၁၉၉၅ ခုနှစ်က အတွေ့အကြံုရဆိုရင် အပစ်ခတ်ရပ်ကာလအတောအတွင်း တရက်ဆိုရင်တရက်အတွက်၊ တညဆိုရင်တညအတွက် စီးပွားအကျိုးအမြတ်တွေ လုပ်ယူသွားခဲ့ကြတယ်။ အထူးသဖြင့် စီးပွားရေးလုပ်လိုသူတွေက ပြင်ပကစီးပွားရှင် ဖြစ်ကြတဲ့အတွက် အပစ်ခတ်ပျက်ပြယ်သွားသည့်တိုင် သူတို့အတွက် ရေရှည်ထိခိုင် နှစ်နာမှုတွေမရှိအောင် ကာကွယ်ပြီးလုပ်ဆောင်သွားကြတတ်တယ်။
ဒါပေမည့် ဒုက္ခသည်တွေအတွက်ပြန်လှည် အခြေချနေထိုင်ရေးအစီအစဉ်ဟာ ရေရှည်စီမံကိန်းဖြစ်သလို တက်ရောက်မှုအကျိုးဆက်တွေက ကရင်နီအမျိုးသားတရပ်လုံးအပေါ် တိုက်ရိုက်ကြီးကျရောက်နေပါတယ်။
ဘယ်လိုနည်းနဲ့မှ တိုင်းတာလို့မရသေးတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေအောက်မှာ အဲ့ဒီကိစ္စကိုအဆင့်ကျော်ပြီး အလျှင်စလိုမဖြစ်စေလိုပါ။
မသေချာသေးတဲ့ အခြေအနေတခုအောက်မှာ မမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ဒီနေ့ တိုင်းတပါးမှာရောက်ရှိနေတဲ့ ဒုက္ခသည် ၂ သောင်းဟာ မနက်ဖန် ၂ သိန်းဖြစ်မလာဖို့အရေးကြီးလှပါတယ်။
ဒါကြောင့် KNPP နဲ့အစိုးရအကြားဖြစ်ပေါ်လာမည့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ တပ်ကိစ္စကို အားလုံးက သတိရှိရှိ စောင့်ကြည့်သင့်ပါတယ်။



