သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တပြေးညီ ပေါ်လစီ ဖြစ်လာရေးသည် ဆန့်ကျင်ဖက် သဘောထား နှစ်မျိုးကြောင့် မျဉ်းပြိုင်ဖြစ်နေရပြီး အစိုးရနှင့် ဆွေးနွေးရာမှာ တပြေးညီဖြစ်မှာ မဟုတ်ဟု UNFC အရာရှိ တဦးက ပြောပါသည်။
“ကေအန်ယူကတော့ အစိုးရနဲ့ ရထားတဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး အခြေအနေကနေ ပိုပြီး ခိုင်မာလာ အောင် ကြိုးစား သွားဖို့ လိုအပ်တယ်လို့ သဘောထားပါတယ်။ ကေအိုင်အေ ဖက်ကတော့ အစိုးရဖက်က စစ်ဆင်ရေးရပ်မယ်၊ တပ်တွေကို ဆုတ်ပေးမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အပစ်ရပ်ဖို့တောင် မလွယ်တဲ့ အခြေအနေကို ဖြစ်နေတော့ UNFC ရဲ့ တပြေးညီ ပေါ်လစီဟာ မျဉ်းပြိုင်ဖြစ်လာနေပါတယ်” ဟု ဆိုပါသည်။
UNFC အဖွဲ့ထဲ၌ အစိုးရနှင့် အပစ်ရပ်စဲထားသည့် အဖွဲ့ (၅) ဖွဲ့ရှိပြီး အပစ်မရပ် ရသေးသည့် အဖွဲ့သည် (၆) ဖွဲ့ ရှိသည်။ သို့သော် SSPP သည် အစိုးရနှင့်အ ပစ်အခတ်ရပ်စဲထားသော်လည်း မကြာခဏတိုက်ပွဲပြန်ဖြစ်ပွား သည်လည်း ရှိပါသည်။ ဤအခြေ အနေကြောင့် အားလုံး အပစ်ရပ်ဖို့ အခက်အခဲရှိနေသလိုအားလုံးပြန် တိုက်ရန်လည်း ခက်ခဲနေပါသည်။ ဤသို့ကြောင့် UNFC ၏ တပြေးညီ ပေါ်လစီသည်၊ အပစ်အခတ် ရပ်စဲရေးမှတဆင့် အစိုးရနှင့် ငြိမ်းချမ်းရေးစကား ဆွေးနွေးရန် မဖြစ်နိုင်တော့ပေ။
ယမာန်နေ့က ပြီးဆုံးသွားသော UNFC (၆) လပတ် ထိပ်သီး အစည်းအဝေးတွင် ကချင်ပြည် လွတ်မြောက်ရေး ပါတီမှ KIO ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး အန်ဘန်လအောင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် အဖွဲ့ဝင် (၅) ဦး တက်ရောက်ခဲ့ ပါသည်။ ကေအန်ယူ ဖက်ကတော့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ ပဒိုဒေးဗစ်တာကပေါအပါ၀င် ကိုယ်စားလှယ် (၃) ဦး တက်ရောက်ခဲ့ပါသည်။
ထိုအစည်းအဝေးသို့ UNFC အဖွဲ့ဝင် (၁၁) ဖွဲ့မှ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြပြီး တပြေးညီ ပေါ်လစီအပေါ် သဘောထား ကွဲလွဲမှုကြောင့် အစည်းအဝေးသည်၊ တဖွဲ့ချင်း၏ အခြေအနေကို ပြန်လည် စုပေါင်း သုံးသပ်သော အစည်းအ ဝေးဖြစ်သွားခဲ့ပါသည်။
ထို့အပြင် UNFC ထံသို့ သမ္မတ ဦးသိန်းစိန် အကြံပေး အဖွဲ့ဝင်တဦး၏ လက်နက်ကိုင် အဖွဲ့ဝင် အားလုံးပါ၀င်သော တွေ့ဆုံဆွေးနွေးပွဲမျိုး တာဝန်ယူပေးရန် သွေးစည်းညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဌထံ ဆက် သွယ်ခဲ့ပါသည်။ ဤကမ်းလှမ်းမှုကိုလည်း UNFC က လက်ခံထားပြီး သမ္မတထံ အကြောင်းပြန်ကြား ခဲ့သည်ဟု UNFC အဖွဲ့ ပြန်ကြားရေး အရာရှိတဦးကဆိုပါသည်။
“ ဒီလိုပါ သမ္မတ အကြံပေးပြောတာက အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံးပေါင်းအဖွဲ့ (၂၀) လောက်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ UNFC က တာဝန်ယူပေးနိုင်မလား ဆိုတာကို ကမ်းလှမ်းတာပါ။ UNFC ကလည်း လက်ခံတယ်လို့ ဒီရက်ပိုင်း မှာဘဲ အင်္ဂလန် ပဋ္ဋိပက္ခဖြေရှင်း အဖွဲ့တခုကနေတဆင့် အကြောင်းပြန်ကြား လိုက်တယ်လေ။ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကိုတော့ သမ္မတဖက်က အကြောင်းပြန်မှ သိရတော့မယ်လေ” ဟု ဆိုပါသည်။
UNFC သည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် စုပေါင်း ဖွဲ့စည်းထားပြီး ၄င်းတို့၏ ပထမပေါ်လစီသည် အပစ်အခတ် ရပ်စဲရေးကို အစိုးရနှင့် တဖွဲ့ချင်း မဆွေးနွေးရဟု ချမှတ်ခဲ့ပါသည်။ သို့သော်လက်တွေ့၌ တဖွဲ့ချင်းဆွေးနွေးခွင့် ပေးခဲ့ရပြီး နိုင်ငံရေး ဆွေးနွေးပွဲကျမှသာ စုပေါင်းဆွေးနွေးရန် ထပ်မံချမှတ်ခဲ့ပြန် ပါသည်။ ဤကိစ္စ၌လည်း အဖွဲ့ဝင် အားလုံး ဆွေးနွေးပွဲ၌ ပါ၀င် နိုင်ရေးသည် ယခုချိန်ထိ အစိုးရနှင့် အပစ်အခတ် မရပ်စဲနိုင်သဖြင့် မျျော်လင့်ချက် နဲလာပေသည်။
ဤအခြေအနေကြောင့် UNFC သည် ဇွန်လ (၁၀) ရက်နေ့ အချိန်အထိ အစိုးရက ကချင် လွတ်မြောက်ရေး အဖွဲ့အပေါ် စစ် ဆင်ရေး မရပ်စဲပါက အဖွဲ့ဝင်များ ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ဤသည်လည်း တပြေးညီ ဖြစ်ရေး ပေါ်လစီ၏ မျဉ်းပြိုင် အခြေအနေနှင့်သာ အဆုံးသတ်နေရသည့် အခြေအနေဖြစ်သွားခဲ့ ပါသည်။



