ယမန်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပသော သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ထိပ်သီး အစည်းအဝေး၌ အဖွဲ့အတွင်း တပြေးညီ လိုအပ်သည်ဟု မူအရ သဘောတူညီ ခဲ့ကြောင်း အစည်း အဝေးကို တက်ရောက်နေသော ကိုယ်စားလှယ် တဦးက ဆိုပါသည်။

“ တပြေးညီပေါ်လစီဆိုတာကတော့ UNFC အဖွဲ့ထဲမှာ အပစ်ရပ်တဲ့အဖွဲ့ ရှိသလို အပစ်မရပ်သေးတဲ့ အဖွဲ့ရှိပါတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ဘူး၊ ဒါတွေကို တပြေးညီဖြစ်ဖို့ လိုအပ်တယ်။ ဒါကြောင့် အဖွဲ့ဝင်အားလုံးဟာ အပစ်ရပ်ပြီး အစိုးရပေးတဲ့ နိုင်ငံရေး ဘောင်ကနေ နိုင်ငံရေး ဆက်ဆွေးနွေးကြမလား ဒါမှမဟုတ် အစိုးရရဲ့ အတုအယောင်ငြိမ်းချမ်းရေးကို အားလုံးက အပစ်မရပ်ဘဲ ၀ိုင်းဝန်း တိုက်ကြမလား ဆိုတဲ့ တပြေးညီ မူချဖို့ မူအရသဘောတူကြတာဖြစ်ပါတယ်”ဟု အဆိုပါ ကိုယ်စားလှယ်ကဆို ပါ သည်။
ဤမူကို ဆုံးဖြတ်နိုင်ရန် တဖွဲ့ချင်းနှင့် လိုက်လံဆွေးနွေးရန် အစီစဉ်ရှိပါသည်။ ဤအစီစဉ်သည်၊ ပြီးခဲ့သည့် ဇွန်လ(၁၀)ရက် နေ့ကို နောက်ဆုံး ထားပြီး အစိုးရက ကချင်ပြည်နယ် ထိုးစစ်ကို မရပ်ပါက ရရှိထားသော အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ်ကြရလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း၏ နောက်ဆက်တွဲ အခြေအနေဟု ဆိုနိုင်ပါသည်။
ယနေ့ အစည်းအဝေးတွင်လည်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့၌ ဖြစ်ရှိနေသော တိုက်ပွဲများ အခြေအနေကို သုံးသပ်နေ ကြသည်ဟု ဆိုပါသည်။ UNFC သည် အစိုးရ၏ ပင်လုံ ကဲ့သို့သော ကျယ်ပြန့်သည့် ညီလာခံ ကျင်းပရန် ရှိခြင်း အပေါ် ပြန်လည် သုံးသပ်ချင်း၊ တချို့အဖွဲ့ကို အပစ်ရပ်ပြီး၊ တချို့အဖွဲ့အား စစ်ဆင်နေခြင်း၊ ပြည်ထောင်စု အဆင့် ငြိမ်းခြမ်းရေး ဖေါ်ဆောင်မှု ဗဟိုကော်မီတီ၏ ဦးတည်ချက်နှင့် လုပ်ငန်း လမ်းညွှန်များကို ပြန်လည် သုံးသပ်ကြမည်ဖြစ်သည်။![]()
ဤထိပ်သီး အစည်းအဝေးသို့ UNFC အဖွဲ့ဝင် (၁၁) ဖွဲ့မှ ဥက္ကဌ အတွင်းရေးမှူးနှင့် စစ်ဦးစီးမှူး ပါ၀င်သော ထိပ်သီးများ တက် ရောက်ဆွေးနွေးကြပြီး (၄) ရက်မျှ ကြာမြင့်နိုင်ပါသည်။
UNFC အဖွဲ့ထဲတွင် ကရင် အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ မွန်ပြည်တစ်ပါတီ NMSP၊ ရှမ်းပြည် မြောက်ပိုင်း တပ်မတော်-SSA-N၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP တို့ ငါးဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ထားပြီးဖြစ်ပါသည်။ တချို့သော အဖွဲ့စည်းများကို ပဏာမ တွေ့ဆုံမှုများ ရှိပြီး တချို့အဖွဲ့များကို လုံးဝ ကမ်းလှမ်းမှု မရှိသေးပေ။ ဤသို့ကြောင့် အစိုးရသည် မညီမမျှသော သဘောထားကို ထားရှိနေသည့်အတွက် တပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲမျိုးဖြစ်လာရန် သံသယဖြစ်နေကြပါသည်။
UNFC အဖွဲ ့ဝင်များမှာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်ပြည် လွပ်လပ်ရေးအဖွဲ ့(KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေးအဖွဲ ့ချုပ်(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ(LDU)၊ ၀အမျိုးသား အဖွဲ ့ချုပ်(WNO)၊ ကချင် အမျိုးသားအစည်းအရုံး (KNO)တို့ ဖြစ်ပါသည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီUNFC သည်၊ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှ (၁၆)ရက်နေ့ အထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများ ညီလာခံတွင် ဖွဲ ့စည်းခဲ့ပါ သည်။
UNFC ၏ နိုင်ငံရေး ဦးတည်ချက်များမှာ၊ အမျိုးသား တန်းတူရေးနှင့် ပြည်နယ်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါသည်။



