ကရင်နီပြည်နယ် ငြိမ်းချမ်းရေးအတွက် လူထုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ခေါင်းဆောင်းမှုနဲ့ စီမံခန့်ခွဲနိုင်ဖို့ ပြည်ထဲရေးဌာနမှ ဝန်ထမ်းတွေနဲ့ ကာကွယ်ရေးဌာနမှ ဝန်ထမ်းတွေက ကရင်နီပြည်တပ်မတော်ရဲ့ ညာမိုတပ် စခန်းမှာ စွမ်းရည်မြင့်တင်ရေးသင်တန်း တက်ရောက်ခဲ့ကြပါတယ်။

အဓိက ကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလမှာ ဝန်ထမ်းတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေး ဟုတ်မဟုတ် ဆိုတာ သုံးသပ်နိုင်ဖို့နဲ့ တရားမျှတတဲ့ အပစ်ခတ်ရပ်စဲရေး မဟုတ်ဘူးဆိုရင် လည်း လူထုကိုသဘောပေါက် အောင် ရှင်းပြဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီး ခူထဲဘူးက ပြောပါတယ်။
ခူထဲဘူးက “ပစ်ခတ်ရပ်စဲရေး စပ်ကူးမတ်ကူးကာလမှာ ကျနော်တို့က လူထုနဲ့ အများဆုံးထိတွေ့ မှုက ခါတိုင်းနဲ့စာရင် လူထုနဲ့ ပိုပြီးထိတွေ့ရမယ့် အခြေအနေရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဘက်မှာက လူထုနဲ့ ထိတွေ့တဲ့အချိန်မှာ စည်းရုံးရေးလုပ်ငန်းတွေ နောက်ပြီးလူထုကို သဘောပေါက်အောင် လူထုရဲ့ ပါဝင်မှု ပါရှိလာအောင် အဲဒါက လုပ်တတ်ဖို့ လုပ်ကိုင်တတ်ဖို့က အရေးကြီးတယ်။” လို့ပြောပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ ယမန်နေ့က ညာမိုတပ်စခန်းမှာ သင်တန်းဆင်းပွဲကျင်းပအပြီးမှာ ယခုလို ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။
ယခုလက်ရှိ ပစ်ခတ်ရပ်စဲရေးလုပ်ထားတာ ၃ လရှိနေပြီဖြစ်ပေမဲ့လို့ တင်ပြတောင်းဆိုထားတဲ့ အချက်တွေက တချက်မှ တိတိကျကျ မရသေးဘူးဆိုတာကို ဒုစစ်ဦးစီးချူပ် ဗိုလ်ချူပ်အောင်မြတ်က သင်တန်းသားတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒုစစ်ဦးစီးချူပ် ဗိုလ်ချူပ်အောင်မြတ်က “ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေအားလုံး သိထားရမှာက အချက် ၂၀ ထဲမှာ ငါတို့ကို ဘယ်နှစ်ချက်ပေးထားပြီလဲ တချက်မှ မပေးသေးဘူး။ နှောင်အနာဂတ်မှာ သူတို့က အချိန်ဆွဲပြီး လိန်ဖယ်လိန်ဖယ်လုပ်သွားမယ်။ ပစ်ခတ်ရပ်စဲရေး မလုပ်ခင်ကထက်တောင်မှ အခုချိန်မှာ ပိုပြီးတော့သတိဝီရိယနဲ့ နေရမယ်” လို့ ပြောပါတယ်။
အတွေ့အကြုံအရ နှောင်လာမည့် ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ အများကြီး အထောက်အကူပြုသွားနိုင်တယ်လို့ ယုံကြည်ထားတဲ့ အမှတ် ၁ ခရိုင်၊ ချိကယ်ကျေးရွာအုပ်စု၊ ဖာတီမာရွာက ဟဲရယ်ကတော့ “ခပ်များများဒီ ပြည်တွင်းမှာဝင်သွားတဲ့ ပြည်ထဲရေးက ဌာနဆိုင်ရာတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကာကွယ်ရေးကဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေပဲ ဖြစ်ဖြစ်၊ ခပ်များများ ဒီအစိုးရလုပ်ငန်းလို့ ပြောမလားကျနော်တို့ ဒီတော်လှန်ရေး ကာလမှာ ကျနော်တို့ တကယ့်လုပ်ငန်း ထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုရင် အခုအခြေအနေရကျနော်တိုပြန် ကြည့်မယ်ဆိုရင် အရမ်းလိုအပ်နေသေးတယ်လို့ ပြောရမယ်ပေါ့” လို့ ပြောပါတယ်။
သင်တန်းကာကမှာ တလခွဲဖြစ်ပြီး သင်တန်းသား ဦးရေ စုစုပေါင်း ၆၈ ဦးတက်ရောက် ခဲ့ကြပါတယ်။ ပြည်ထဲရေးကနေ ဒီလိုစွမ်းရည်မြင့်တင်ရေးသင်တန်းကို ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီး သင်တန်းပြုလုပ်တာ ဆယ်နှစ်တာကာလမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။



