ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်တပ်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းယူထားတဲ့ မြေနေရာဧကစာရင်း ဧကရာနဲ့ချီပြီး ကွာဟမှုရှိနေတယ်လို့ တပ်နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်အဆင့် လေ့လာစောင့်ကြည့်တဲ့ ကော်မတီအဖွဲ့ဝင် တဦးက ပြောပါတယ်။

“တပ်ဘက်ကတော့ မြေပုံအရတွက်ချက်တိုင်းထားတာက ဧကပိုးနည်းနေတယ်။ အခုလက်တွေ့ သွားပြီးတိုင်း တာချက်အရတော့ အရမ်းကွာနေတယ်” လို့ပြောပါတယ်။
အမှတ် (၁၄) တပ်မြေကို ယခင်ကမြေပုံအရ တွက်ချက်တိုင်းတာရာမှာ ဧကပေါင်း (၂၆၆၉) ဧကရှိပြီး ယခု GPS ဖြင့်လက်တွေ့ ကွင်းဆင်းတိုင်းတာ တွက်ချက်ရာတွင် (၃၂၅၇) ဧကရှိနေတယ်လို့ သိရပါတယ်။
တပ်နယ်မြေသို့ သွားရောက်လေ့လာခဲ့ကြတဲ့ ကော်မတီ အဖွဲ့ဝင်တဦးက “အဲဒီအတွက်တော့ အစီရင်ခံစာတော့ မထွက်နိုင်သေးဘူး။ သမ္မတထံအစီရင်ခံစာ တင်ပြနိုင်ဖို့တော့ ရှိတယ်။ အစီရင်ခံစာ တစောင်ကတော့ လွတ်လပ်မှုရှိရမယ်။ ဘယ်ဘက်မှ ဖိအားပေးမှုမရှိရဘူး။” လို့ ပြောပါတယ်။
သွားရောက်လေ့လာခဲ့တဲ့ ကော်မတီအဖွဲ့ဝင်တွေက ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းနဲ့ ဒေသခံလူထုတို့ ကနေပြီး လေ့ကျင့်ရေးတပ်အတွက် လေ့လာစောင့်ကြည့်ဖို့ ဖွဲ့ထားတဲ့ ပြည်နယ်အဆင့် ၊ မြို့နယ်အဆင့် ကော်မတီအဖွဲ့က ဖြစ်ပါတယ်။
အဲဒီအမှတ် (၁၄) ကျောင်းကလည်း နှောင်တချိန်မှာ လူထုအတွက် အကျိုးပြုတဲ့ သင်တန်းကျောင်းတကျောင်း အဖြစ်သို့လည်း ပြောင်းလဲကောင်း ၊ ပြောင်းလဲနိုင်ပါတယ်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဦးအောင်မင်းက KNPP နဲ့တွေ့ဆုံဆွေးနွေးချိန်က ပြောသွားပါတယ်။



