ကရင်နီ(ကယား)ပြည်နယ်မှာ လာမည့်သုံးနှစ်အတွင်း တပြည်နယ်လုံးလျှပ်စစ်မီး ထွန်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ အမှတ် ၂ လျှပ်စစ် ၀န်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

“နှစ်အကန့်အသတ်နဲ့ လုပ်ပေးရတဲ့အတွက်ကြောင့် ဘာတွေလုပ်မလဲဆိုတာတွေ နောက်ပိုင်းမှ အသေးစိတ် ကိုပြောပါမယ်။ အခုလောလောဆယ်တော့ ဒီကယားပြည်နယ် တပြည်နယ်လုံး ဓါတ်အားရရှိဖို့ဆိုရင်တော့ ကျနော်ထင်တယ် ၂၀၁၄-၂၀၁၅ ခုနှစ်လောက်ဆိုရင်တော့ ၆၀ရာခိုင်းနှုန်း ပတ်ဝန်းကျင်လောက်တော့ ရနိုင်မယ်။ ၁၀၀ ရာခိုင်နှုန်းကတော့ တနိုင်ငံလုံးမရနိုင်ဘူး။ ဘာဖြစ်လဲဆိုတော့ ကချင်မှာလည်းမရနိုင်ဘူး၊ ရှမ်းမှာလည်း မရနိုင်ဘူး။”
ဇွန်လ ၉ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPနဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာကျင်းပစဉ် ပြောကြားသွားတာဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ဘတ်ဂျက်စီမံကိန်းရေးဆွဲရန် ရာထားမှာဖြစ်ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်မှာ တပြည်နယ်လုံးအတိုင်းအတာအဖြစ် ၆၀ ရာခိုင်နှုန်းလောက်ခန့်မှန်းခြေ လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။
ဝန်ကြီးက “ကယားပြည်နယ်မှာ ထွက်တဲ့ဓါတ်အားသည် ကယားမှာရှိတဲ့ပြည်သူတွေသုံးဖို့ဆိုတာ ကယားပြည်နယ်မှာလည်းလုပ်ပေးပါ့မယ်။ ဦးစားပေးအနေနဲ့ မော်ချီးနဲ့ ရှားတောက မြန်ပါလိမ့်မယ်။ အဲဒါဆိုရင် ကယားပြည်နယ် တပြည်နယ်လုံးက တော်တော်များများရရှိလာပါလိမ့်မယ်” လို့ဆက်ပြောပါတယ်။
၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း လွိုင်ကော်မြို့ကနေ ရှားတောဒေသရှိ ရွာများ၊ ရွာသစ်၊ ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးပတ်ဝန်းကျင်ရှိသော ရွာများကို မီးသွယ်ပေးမှာ ဖြစ်ပါတယ်။ ဓါတ်အားလိုင်းမှ သွယ်ပေးဖို့အတွက် ကျေးရွာပေါင်း ရ၀ ကျော်လောက် ဖြစ်ပြီး လိုင်းအကွာအဝေး (၃၀၄) မိုင်ရှိကြောင်း ပြောပါတယ်။
တနှစ်အတွင်း မီးမပေးနိုင်ခြင်းမှာ ဓါတ်အားလိုင်းသွယ်ယူမှု တမိုင်လျှင်ကျပ်သိန်း (၁၅၀) ကုန်ကျမှာဖြစ်ပြီး (၃၀၄) မိုင်အတွက် ၄.၆ဘီလီယံကုန်ကျမှာ ဖြစ်တဲ့အတွက်ကြောင့် ချက်ချင်းဆောင်ရွက်၍ မရနိုင်ကြောင်း သိရပါတယ်။



