ကရင်နီဒုက္ခသည်တို့ နေရပ် ပြန်ရေး ဆွေးနွေးပွဲ တိုးတက်မှုအပေါ် မူတည်

ကရင်နီဒုက္ခသည်တို့ နေရပ် ပြန်ရေး ဆွေးနွေးပွဲ တိုးတက်မှုအပေါ် မူတည်
by -
ကန္တာရဝတီတိုင်း(မ်)

အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဟာ အခုဆိုရင် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေး နွေးပွဲကို ကရင်နီပြည် လွိုင်ကော်မြို့မှာ ပြုလုပ်ပြီး သဘောတူလက်မှတ်ရေးထိုးပြီးခဲ့ကြပါပြီ။ ဒီဆွေးနွေးပွဲ တိုးတက်မှု ရှိမှပဲ ထိုင်းနိုင်င်ငံ နယ်စပ်ဒေသက ကရင်နီဒုက္ခသည်တွေအတွက် ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်တွေအတွက် အထောက်အကူ ဖြစ်စေမှာပါ။

“အခု ဆွေးနွေးသွားမယ့် ကိစ္စက ဘယ်လို အကျိုးရလဒ်မျိုး ရှိမလဲဆို… ကျနော်တို့ ဒုက္ခသည် ခံယူနေတဲ့ ပြည်သူလူထုအားလုံးသည် သူတို့အတွက် လာမယ့် ရှေ့ဆက်ကို အဆင်ပြေအောင်၊ ချောမွေ့အောင်၊ နယ်မြေဒေသကို ပြန်နေရဖို့ ဆိုပြီးတော့မှ လူထုအတွက်တော့ အကျိုးရလဒ် လိုအပ်မှာ ဖြစ်ပါတယ်။”

KNPP ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ ရဲ့ စခန်းအုပ်ချုပ်ရေးမှုး ဥက္ကဌ ခူအီရယ်က သူ့ရဲ့ မျှော်လင့်ချက်ကို အခုလို ပြောပြသွားတာပါ။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာ ကရင်နီဒုက္ခသည် စခန်း နှစ်ခု ရှိပါတယ်။ ကရင်နီဒုက္ခသည် ၁၀၀၀၀ ကျော်ကတော့ တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်နဲ့ နိုင်ငံရပ်ခြားမှာ သွားရောက်နေ ထိုင်ကြပါတယ်။ လက်ရှိ အမှတ် ၁ ဒုက္ခသည် စခန်းမှာ ဒုက္ခသည်ဦးရေ ၁၄၀၀၀ ကျော် ရှိပြီး အမှတ် ၂ မှာတော့ ၃၀၀၀ ကျော် ရှိနေပါတယ်။ အများစုကတော့ မိမိတို့ရဲ့ ဌာနေကို ပြန်နေချင်ကြပေမဲ့ နိုင်ငံရေး အခြေအနေကို ယုံကြည်စိတ်ချမှု မရှိတဲ့အတွက် စခန်းထဲမှာပဲ ဆက်လက်နေထိုင်ကြပါတယ်။

“ကျနော် အခြေအနေ အရင်ဆုံး စောင့်ကြည့်မယ်။ ကျနော်ကတော့ ပြန်ဖို့တော့ ရည်ရွယ်ချက် မရှိသေးဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ခုနက ကျနော် ပြောသလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းခေတ်လိုမျိူး ပုံစံမျိုးပေါ့။ ပြီးတော့ ဟိုတလော ဘယ်အဖွဲ့အစည်းကလဲ ငြိမ်းချမ်းရေး ယူမယ်ဆိုပြီးတော့ ၃ လပဲ ကြာတယ်။ အဲ့ဒါလည်း ရှိတတ်တယ်လေနော်။ အဲ့ဒါကြောင့်မို့ တည်ငြိမ်မှု မရှိတဲ့ အစိုးရရဲ့ လက်အောက်မှာဆိုလို့ရှိရင် တော်ရုံတန်ရုံနဲ့ မယုံကြည်ဘူး။”

ဒုက္ခသည် တဦး ဖြစ်တဲ့ ဘိုလိုလင်းက သူရဲ့ နေရပ်ကို ပြန်ရေး၊ မပြန်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောက်ကြမှု  ဖြစ်နေမှုအပေါ် အခုလို ရင်ဖွင့်သွားတာပါ။

ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် KNPP နဲ့ စစ်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမဲ့ ၃ လမျှသာ ကြာမြင့်ပြီး ပျက်ပြယ်ခဲ့ဖူးတဲ့ သာဓကလည်း ရှိခဲ့ဖူးပါတယ်။  အဲ့ဒီနောက်ပိုင်း ဒုက္ခသည်စခန်းကို ပြန်လည်ထွက်ပြေး ရောက်ရှိလာတဲ့ ဒုက္ခသည်တွေလည်း အခုလက်ရှိ အချိန်အထိ တဆထက်တဆ တိုးလာနေတာကို တွေ့ရပါတယ်။

အခုလက်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ သူတွေလည်း မိမိတို့ရဲ့ နေရာဒေသကို ပြန်ဖို့အတွက် ဆုံးဖြတ်ချက်တွေကို ရေရေရာရာ မချနိုင်ကြသေးပါဘူး။ စိုးရိမ်ကြောင့်ကြမှုတွေ၊ မယုံသင်္ကာဖြစ်မှုတွေနဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြပါတယ်။

“ပြန်ဖို့ အစီအစဉ်တော့ ဒီသူတို့ (KNPP ) သွားတဲ့ နေရာမှာပဲ နေမှာပဲ။ သွားလိုက်နေမှာပဲ ကိုယ့်နေရာကို ပြန်ဖို့တော့ အစီအစဉ် မရှိဘူး”

ဒုက္ခသည် စခန်းမှာ နေထိုင်တာ နှစ်ပေါင်း ၁၅ နှစ်ကျော်ပြီ ဖြစ်တဲ့ စျေးသည်တဦးလည်းဖြစ်တဲ့ အဖွား ဒေါ်ငဲက ငြိမ်းချမ်းရေး ဆွေးနွေးမှုသာ အဆင်ပြေမယ်ဆိုရင် ဘယ်လိုမျိုး ကိုယ့်အိမ်ကို ပြန်ရမလဲ ဆိုတာကို ပြောပြသွားတာပါ။

ဇွန်လ ၉ ရက်နေ့ KNPP နဲ့ အစိုးရတို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ကရင်နီပြည် လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့ကြပြီး အချက် ၁၄ ချက်နဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

ဒါပေမဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး အခု ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် မချနိုင်သေးတဲ့ အခြေအနေမှာ ရှိတဲ့အတွက် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်မှာ ထပ်မံ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

Most read this week