၅၄ ကြိမ်မြောက် ရှမ်းတော်လှန်ရေးနေ့ကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပပြုလုပ်ပြီး တော်လှန်ရေးခရီးစဉ်မှာ ရှမ်းစကားနဲ့ စာပေတွေ မပပျောက် အောင်ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ရှမ်းတော်လှန်ရေးနေ့မှာ SSA မှ ဒုဥက္ကဌ စိုင်းရီက ပြောသွားပါတယ်။

“ကျနော်တို့တော်လှန်လာတာ နှစ်ပေါင်း ၅၄ နှစ်ရှိပြီ။ ဗမာတွေက ကျနော်တို့ စကားတွေ၊ စာပေတွေကို အကုန်ဝါးမျိုသွားတော့မယ်။ ကျနော်တို့ စကားပြောတာလည်းရောပြီး ဗမာတွေက ကျနော်တို့ စကားကို ၀ါးမျိုသွားတာ များနေပြီ။ တကယ်လို့များ ကျနော်တို့ သေနတ်ယူပြီး တိုက်ခိုက်တာ တိုင်းပြည်ရပြီဆိုပါတော့ ကျနော်တို့ စကားပြောနေတာ သုံးနေတာက ဗမာစကားတွေပဲဖြစ်မယ်ဆိုရင် ကျနော်တို့ တော်လှန်တာ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ တော်လှန်ရေးဟာ အဖက်ဖက်အမျိုးမျိုးရှိပါတယ်။ သေနတ်တခုတည်းနဲ့ တော်လှန်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သေနတ်က တော်လှန်ရေးရဲ့ အရင်းအမြစ်ဖြစ်တယ်”
၁၉၅၂ ခုနှစ်မှာ တရုတ်ဖြူ ကျူးကျော်မှုကို အကြောင်းပြုပြီး ဗမာ့တပ်မတော်က ရှမ်းပြည်ရဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေးနဲ့တန်းတူရေးကို မြတ်နိုးတန်ဖိုးထားတဲ့ရှမ်းမျိုး ချစ်တွေက Nam Serk Harm စစ်တပ်ကို ထူထောင်ပြီး ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့မှာရှမ်းပြည်သူပြည် သားများကနေ တော်လှန်ရေးနေ့ကို သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ တော်လှန်ရေးလုပ်လာတာ ကြာလာပါပြီ။ တချို့ အဖွဲ့အစည်းတွေက ၉ နှစ် ၁၀ နှစ်နဲ့ ရပ်သွားတာ ပျောက်သွားတာတွေ ရှိတယ်။ ကျနော်တို့ကတော့ ၅၄ နှစ်ရှိပြီး ပျောက်လည်း မပျောက်ဘူး။ တော်လှန်ရေးခရီးဟာလည်း မဆုံးသေးဘူး” လို့ စိုင်းရီက ဆက်ပြောပါတယ်။
လက်ရှိ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ လူထုကို ရှင်းလင်းချပြသွားပါတယ်။
ရှမ်းပြည်တော်လှန်ရေးနေ့ကို မေလ ၂၁ ရက်နေ့မှာပြုလုပ်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ - KNPP မှ အတွင်းရေးမှူး ၁ ခူဦးရယ်နဲ့ ပါတီအရံဗဟိုကော်မတီဝင် ခူဘိုးရယ်တို့လည်း မဟာမိတ်ဧည့်သည်တော် များအဖြစ် တက်ရောက်ခဲ့ကြပါတယ်။



