ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့အကြား ပိုမိုရင်းနှီးမှု ရရှိလာစေဖို့ ရည်ရွယ်ပြီး အသေးစား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နယ်စပ်ဒေသနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပြုလုပ်သွားမယ်လို့ ဂျပန် သံအမတ် HIDEO MATSOO က ပြောပါတယ်။

မေလ ၂၂ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာမှာ သောက်သုံးရေ ရရှိရေးအတွက် ရေလှောင်ကန် ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
"ကျနော်တို့ အခု ဒီမိုးဗြဲမှာ ရှိတဲ့ ဒေသခံတွေအတွက် ရေရရှိအောင် ကူညီတာဟာ အသေးစား စီမံကိန်း ဖြစ်တယ်။ နောက်နှောင်လည်း လုပ်ဖို့ အများကြီး ရှိပါသေးတယ်" လို့ HIDEO MATSOO ရဲ့ ပြောကြားချက်ကို စကားပြန် အရာရှိ တဦးက ပြန်လည်ပြောပြပါတယ်။
မိုးဗြဲကျေးရွာမှာ သောက်သုံးရေ ရရှိဖို့ ဂျပန် အစိုးရမှ ထောက်ပံ့ထားတဲ့ အသေးစား ရေရရှိရေး စီမံကိန်းကို (၅) နှစ်အကြာ ပြုလုပ်ခဲ့ကြရတယ်လို့ မိုးဗြဲမှ ဒေသခံတဦးက ပြောပါတယ်။
"စီမံကိန်းကို ၂၀၀၆ ခုနှစ်ကတည်းက ဆရာတော်မောလေးက ကြိုးစားခဲ့ပါတယ်။ စီမံကိန်းကို ၂၀၀၇ မှာ စတယ် ဆိုပေမဲ့ ဒီဘက်မှာက လုပ်ရတာ အဆင်မပြေနိုင်ခဲ့လို့ ၂၀၁၂ မတ်လမှာပဲ အကောင်အထည် ဖော်ပြီးစီးနိုင်ခဲ့တယ်" လို့ သူက ပြောပါတယ်။
ဂျပန် အစိုးရမှ မိုးဗြဲကျေးရွာနေ ဒေသခံလူထုတွေအတွက် သောက်သုံးရေ ရရှိဖို့ အမေရိကန် ဒေါ်လာ ၈၇၀၀၀ ထောက်ပံတည်ဆောက်ပေးခဲ့ပါတယ်



