ကရင်နီပြည်မှာ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာဖို့ ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်သွားမယ်လို့ ပြည်နယ် ၀န်ကြီးချုပ်က ဆိုပါတယ်။

စီမံကိန်းတည်ဆောက်မည့်နေရာဒေသက ရွာသားအချို့မှ ကန့်ကွက်မှုပြုလုပ်ခဲ့တဲ့နောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက(ခ) ဦးဘူးရယ်က ယခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။
"ပကျဲမှာက ရွာလူကြီးတွေ အုပ်ချုပ်ရေးမှူးနဲ့ ခေါ်တွေ့ပြီး သူတို့နဲ့ ညှိတယ်။ သူတို့က လုပ်လို့ရတယ် လို့ပြောတယ်။ ချလိုက်တဲ့အခါမှာတော့ အသံက တမျိုးထွက်လာတဲ့အခါကျတော့ အဲလိုဆိုရင် သေချာမေးလိုက် သဘောမတူဘူးဆိုရင် ကျနော် ရွေးပေးမယ်။ ပြဿနာမရှိဘူး။ ဒီစက်ရုံကို လက်လွတ်မခံနိုင်ဘူး။ သူတို့ အဲနေရာမှာ လုပ်ခွင့်မပေးရင် တခြားနေရာရွေးပေးဖို့ရှိတယ်။ ဒါမှ ကယားပြည်နယ်မှာ စက်ရုံမှာ ဖြစ်ကြောင်း၊ လူငယ်တွေအလုပ်ရမယ်။ ကတ္တရာစီးလည်း ရနိုင်မှာ ဖြစ်တယ်။ လမ်းကောင်းကောင်းလေး လုပ်နိုင်မှာ"
ကရင်နိပြည် (ကယား) ၀န်ကြီးချုပ် ဦးဘူးရယ်နှင့် ကေအဲန်ပီပီ အတွင်းရေးမှူး (၂) တို့ ဆွေးနွေးနေစဉ် (ဓါတ်ပုံ-ကေအဲန်ပီပီ)
ကရင်နီပြည်မှာဖြစ်ပေါ်လာမည့် ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ပဏာမအဆင့် အပစ်ခတ်ရပ်စဲထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ ကန့်ကွက်မှုမရှိပေမယ့်လို့ စက်ရုံမဆောက်လုပ်ခင်မှာ ဒေသခံပြည်သူတွေကို သဘောပေါက်ကျေနပ်အောင် ရှင်းလင်းမှုတွေပြုလုပ်ပြီးမှဘဲ စီမံကိန်းကို အကောင်အထည်ဖေါ်သင့်တယ်လို့ ဆိုပါတယ်။
"အရင်တုန်းကလည်း ပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးရေးလုပ်မယ်။ ဒီလိုပါပဲ။ ဒါပေမယ့် အခုထိတိုင် ဘာမှကို မပြောင်းလဲပါဘူး။ ပြည်သူတွေက ဘာမှ မသိပဲ Yes (or) No ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ ရှင်းလင်းချပြမှ လူထုတွေအကြောင်းအရင်း အကုန်သိမှ ရနိုင်မယ်။ အဓိကကတော့ လူထုသဘောပေါက်ဖို့နဲ့ ကျေနပ်ဖို့ပဲ လိုပါတယ်" လို့ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ ချိကယ်ကျေးရွာအုပ်စုက ပကျဲတောင်ခြေမှာ ပြည်နယ်အစိုးရနဲ့ Square Power Group ကုမ္ပဏီတို့ ပူးပေါင်းပြီး လူထုတွေရဲ့မြေဧက၂၀၀၀ ကျော်ကိုအသုံးပြုပြီး ဘိလပ်မြေ စက်ရုံဆောက်လုပ်မယ့်အပေါ် ဒေသခံတွေက ကန့်ကွက်ကြတဲ့အတွက် ယခုနောက်ဆုံးအခြေအနေအရ ဒေါတခြား ဖက်သို့ ပြောင်းရွေ့လိုက်ပြီလို့ သိရှိရပါတယ်။



