စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူပြီးတဲ့ နောက်မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ လွိုင်ကော်မြို့နယ်မှာ လူထုစည်းရုံးရေး ဆင်းဖို့ အစိုးရထံ တင်ပြထားတဲ့နေရာ တားမြစ်ထားခြင်း ခံရတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့နယ်အတွင်း စည်းရုံးရေးဆင်းရန် ရာထားတဲ့ နေရာများမှာ ကွန်နား၊ ကုန်းသာ၊ ချိကယ် ဖြစ်ပြီး ထိုနေရာအားလုံး အစိုးရ တပ်စခန်းများနဲ့ နီးတဲ့အတွက် စည်းရုံးရေး မဆင်းသေးရန် လွိုင်ကော်မှ ဒကစမှူးက ပြီးခဲ့တဲ့ ၈ ရက်နေ့မှာ ပြောတယ်လို့ KNPP က ပြောပါတယ်။
“အခြေချထားတဲ့ စစ်တပ်တွေရဲ့ အနီးတဝိုက်မှာ ဖြစ်တယ်လို့တော့ ပြောတယ်။ နောက်တခါမှပဲ လုပ်ပါ။ အခု အချိန်မှာ မလုပ်သေးနဲ့လို့ပဲ ပြောတယ်။ ဘာဖြစ်လဲ ဆိုတာ အကြောင်းအရာ ပြည့်ပြည့်စုံစုံ သူတို့ မပြောပြဘူး” လို့ KNPP မှ အတွင်းရေးမှူး-၁ ခူဦးရယ်က ပြောပါတယ်။
အပစ်ခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုးပြီးပါက ကရင်နီ ဒေသအတွင်းရှိ လူထုများနဲ့ တွေ့ဆုံနိုင်တယ်လို့ ဦးအောင်မင်းက ပြည်နယ်အဆင့်ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
“ဘာကြောင့် သူတို့ စည်းရုံးရေး ပေးမလုပ်တာလဲဆိုတာ ကျနော်တို့ သေချာအောင် ထပ်မေးကြည့်မယ်။ တကယ်လို့ လုံးဝ မရတော့ဘူးဆိုရင်လည်း တခြားနေရာတွေ ရနိုင်မလားဆိုတာ ထပ်မေးကြည့်ရမှာပဲ” လို့ ခူဦးရယ်က ပြောပါတယ်။
ယခုလ ဧပြီလ ၁၈ ရက်နေ့ကစပြီး ကရင်နီဒေသအတွင်းရှိ မြို့နယ်များအားလုံး စည်းရုံးရေးဆင်းရန် KNPP အနေနဲ့ အစိုးရထံ တင်ပြထားပါတယ်။ ထိုမြို့နယ်များအားလုံးမှ လွိုင်ကော်မြို့နယ်မှာ တင်ပြထားတဲ့နေရာအားလုံး စည်းရုံးရေး မသေးဖို့ အခုလို တားမြစ်ခံရတာ ဖြစ်ပါတယ်။



