ကရင်နီ မျိုးနွယ်စုတို့ဟာ ဘိုးဘွားဘီဘေ လက်ထက်ကတည်းက ယုံကြည်တဲ့ ဓလေ့ရိုးရာပွဲ ဖြစ်တဲ့ ကေးထျိုးဘိုး ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ပြီး ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်နေတဲ့ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာလည်း ၁၂ကြိမ်မြောက် ကေးထျိုးဘိုးပွဲတော်ကို ကျင်းပပြုလုပ် ကြပါတယ်။

ကရင်နီ မျိုးနွယ်စုများရဲ့ ရိုးရာပွဲတော်ဟာ ကေးထျိုးဘိုးသာမက ဒီးကူပွဲ စတဲ့ ရိုးရာပွဲများလည်း ရှိပါတယ်။ ကရင်နီ လူမျိုးတို့ဟာ မိမိ ရိုးရာယဉ်ကျေးမှုများကို ဦးထိပ်ထားပြီး ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်တိုးတက် နေသော်လည်း ရိုးရာဓလေ့ အစဉ်အလာကို မမေ့ပျောက်သွားရန် သာသနာနဲ့ ယဉ်ကျေးမှုဝန်ကြီး ဆရာမ ဒေးဒေးဖောက အခမ်းအနားမှာ ပြောကြားသွားပါတယ်။
“ကျမတို့ ကေးထျိုးဘိုး ထောင်တယ်ဆိုတာက ကျမတို့ စိတ်တွေ ဒီကေးထျိုးဘိုးလို ဖြောင့်ဖို့ ဖြူစင်သန့်ရှင်းဖို့ အဲဒါ အရေးကြီးတယ်။ ဒီအတွက် ကျမတို့ကိုယ်ကို တန်ဖိုးထားတတ်ဖို့ လူတွေက တိုးတက်ပြောင်းလဲ နေကြပြီ စိတ်ဓါတ်မြင့်ဖို့ လိုတယ်။ ကျမတို့ အမြင်တွေ ကျယ်နေဖို့ လိုပြီ။ ခုက အီးမေးလ် အင်တာနက်ခေတ်။ အင်တာနက်ပေါ်မှာဆို ဘာမဆို တွေ့နိုင်မြင်နိုင်ပြီ။ သူများ တိုးတက်သလို ကျမတို့လည်း တိုးတက်ဖို့။ သိတတ်ထားတာတွေလည်း ရှိနေပြီ။ အဲဒီတော့ ကျမတို့ ကေးထျိုးဘိုး ရိုးရာဓလေ့ကို မမေ့ဖို့။ ရိုးရာဓလေ့ တိုးတက်အောင် ထိန်းသိန်းဖို့။ လေ့လာသိရှိပြီး လေးစားရိုသေဖို့နဲ့ ရိုးရာဓလေ့ကို ဘယ်လို ထိန်းသိမ်းကာကွယ်ပြီး တိုးတက်အောင်လုပ်မလဲဆိုတာကို စဉ်းစားဆင်ခြင်ဖို့ လိုတယ်” လို့ ဆရာမ ဒေးဒေးဖောက ပြောပါတယ်။

ကေးထျိုးဘိုး ပွဲတော်ကို ဧပြီလ၊ လဆန်း အတွင်းမှာ ပြုလုပ်လေ့ရှိပြီး ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ တော့ မတ်လ ၃၁ရက်နေ့မှာ ကြက်ရိုးထိုးပြီး ဧပြီလ ၁ရက်နေ့ကနေ စတင်ပြီး ၄ရက်နေ့အထိကျင်းပပြု လုပ်တယ်လို့ ကရင်နီ ရိုးရာယဉ်ကျေးမှု အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူတော်ရယ်က ပြောပါတယ်။
ကေးထျိုးဘိုး(ခေါ်) တံခွန်တိုင်ပင်ကို ခုတ်ပြီး ဧပြီလ ၂ရက်နေ့မှာ မိုးရွာချတဲ့အပေါ် သာသနာနဲ့ ယဉ်ကျေးမှု ဌာနမှ ဒု-ညွန်ကြားရေးမှူး ခူတော်ရယ်က အခုလိုပြောပါတယ်။
“ကျနော်တို့ အယုံအကြည်အရ ကေးထိုးဘိုးခုတ်တဲ့ အချိန်အတောအတွင်းမှာ မိုးရွာတယ်ဆိုရင် အေးမြ တယ်လို့ ပြောတယ်။ ကောင်းတယ်လို့ ပြောတယ်။ လာမယ့် နှစ်သစ်မှာ ကျနော်တို့ ပူပင်သောကမှုတွေ သိပ်မကြံုတွေ့ရပဲနဲ့ အေးမြတဲ့ လပ်ကီး တခု ရတယ်လို့ အဲလိုမျိုးယူဆတယ်”
ကရင်နီလူမျိုးတွေဟာ မိမိတို့ ကေးထျိုးဘိုး ပွဲတော်ကို ဘိုးဘွွားဘီဘေ လက်ထက်ကတည်းက ကျင်းပ လာခဲ့ပြီး ကရင်နီ မျိုးနွယ်စုများ အားလုံးအတွက် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြင့်တင်တဲ့အနေနဲ့ ကရင်နီမျိုးနွယ်စုများ နေထိုင်တဲ့ ပြည်တွင်း၊ ပြည်ပမှာ နေထိုင်တဲ့ ကရင်နီ မျိုးနွယ်စုတို့ဟာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလေ့ ရှိပါတယ်။
“ကျနော်တို့ ကရင်နီ လူမျိုးတွေရဲ့ ယုံကြည်ရာ တခုလည်းဖြစ်သလို ရိုးရာဓလေ့လည်း ဖြစ်တယ်။ သမိုင်းကြောင်းရယ်လို့ ပြောတဲ့နေရာမှာ ဘယ်ရက်၊ ဘယ်ချိန် စတင်ဖြစ်ပေါ်လာတယ် ဆိုတာကတော့ နေ့ရက် အတိအကျတော့ ပြောလို့ မရဘူး။ ဒါပေမယ့် ကျနော်တို့ ကရင်နီရဲ့ ရှေးခေတ်ဖိုးဖွားတွေရဲ့ လုပ်လေ့ရှိတဲ့ ဓလေ့ အစဉ်အလာ တနှစ်တကြိမ် ကျနော်တို့ရဲ့ ဘုရားသခင်ကို တောင်းတ၊ ဆုတောင်းတာပေါ့နော်။ ဆွေမျိုး အသိုင်းအဝိုင်းတွေ ကျနော်တို့ ဆုံကြတယ်။ ဖိတ်ကြတယ်။ ကျနော်တို့ တနှစ်တကြိမ် ဆုံစည်းကြတဲ့ အဓိက ဆွေမျိုး၊ သူငယ်ချင်း အပေါင်းအဖော်တွေက ဆုံစည်းပြီးတော့မှ ဘုရားသခင်ကို ဆုတောင်းကြတယ်။ ဒီနေ့ဟာ နှစ်သစ်လို့ ပြောလို့ရတယ်”လို့ ခူတော်ရယ်က ပြောပါတယ်။
ကေးထျိုးဘိုးပွဲတော် ပြုလုပ်နေစဉ် အတောအတွင်း ညအစီအစဉ်အဖြစ် ကရင်နီ မျိုးနွယ်စုများရဲ့ အဆိုအကနဲ့ တံခွန်တိုင်အောက်မှာ အဖွဲ့လိုက် ယဉ်ကျေးမှု အကများ ယှဉ်ပြိုင် ကြပါတယ်။
ကရင်နီအမှတ် ၁ ဒုက္ခသည် စခန်းမှာ ရပ်ကွက် ၂၀ ခုရှိပြီး ကေးထျိုးဘိုးပွဲတော်ကို ယခုနှစ်ပြုလုပ်တဲ့ ကေးထျိုးဘိုး ပွဲကြီးကို ရပ်ကွက် ၁၄ မှာ ကျင်းပပြုလုပ်တဲ့အပြင် ရပ်ကွက်တိုင်းမှာလည်း တနှစ်တခါ ကျင်းပပြုလုပ် သွားပါတယ်။



