မဲမသမာမှုနှင့် မတရား လုပ်ရပ်များနှင့် ပါတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ကြားဖြတ် ရွေး ကောက်ပွဲ ကျင်းပရေး ကော်မရှင်ထံ ယမန်နေ့က ကန့်ကွက်တိုင်ကြား ခဲ့သည်ဟု NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူးက ပြောပါသည်။

“အခု ရွေးကောက်ပွဲမှာ မကြံုဖူးအောင် မသမာမှုတွေ မြင်ခဲ့ရတယ်လို့ ” NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် မဲကတ်ပြားများ၌ NLD အမှတ် တံဆိပ်နေရာကို ဖယောင်းများ သုတ်ထား တဲ့အပြင် အာဏာပိုင်တွေ ကိုယ်တိုင် မဲရုံထဲသို့ဝင်ပြီး မဲထည့်သည့် လူများကို နှောင့်ယှက်ခဲ့သည်ဟု စစ်ကိုင်း တိုင်း၊ ပုလဲမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာများဖြစ်ကြသည့် ညောင်ပင်သာ၊ ဆင်ရှင်၊ တနယ်၊ အလယ်ပုံ၊ ချောင်းနားကျေးရွာတို့အပြင် တခြား မဲဆန္ဒနယ်များ ဖြစ်ကြသည့် မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ ကော့မှူး၊ မင်္ဂလာတောင် ညွန့်၊ မရမ်းကုန်း၊ ဒဂုန်ဆိပ်ကမ်း၊ တောင်တွင်းကြီးနဲ့ ကလော(အောင်ပန်း)မြို့တွေမှာ လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွား ခဲ့ကြောင်း NLD အောင်နိုင်ရေး အတွင်းရေးမှူး၏ ပြည်ထောင်စု ကော် မရှင်ထံ ပေးပို့သည့် ကန့်ကွက်တဲ့ စာ၌ ဖော်ပြပါရှိပါသည်။
စစ်ကိုင်းမြို့တွင် ကြိုတင်မဲ ပြဿနာများ တက်ခဲ့သလို ကန့်ဘလူ၊ ရေဦးတန့်ဆည်၊ ကျွန်းလှ မဲဆန္ဒနယ် အမှတ် ၃ တွင်လည်း မဲလက်မှတ်များ၌ တံဆိပ်တုံးများ မပါသည့် မဲလက်မှတ်များ ရှိသလို မဲစာရင်းတွင် မပါသည့် မဲဆန္ဒရှင် အများအပြား ရှိနေပါသည်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် မဲကျော် ဥယျာဉ်ကုန်း ရွာ၌ NLD ပါတီက မဲရုံကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက ရန်လုပ်မှုကြောင့် ထွက်ပြေး ခဲ့ရပါသည်။
ထို့အပြင် မရမ်းကုန်း ရပ်ကွက် အမှတ် (၃) မဲရုံမှာလည်း လုံခြံုရေး တာဝန်ယူထားသူ တစ်ယောက်က ဘယ် ဘက်လက်မှာ ကြံခိုင်ရေးတံဆိပ် ပတ်ထားပြီး လာသမျှ လူများကို ဒီဟာကို မဲပေးရမယ် ဆိုပြီး ခိုင်းနေသလို၊ ကံ့ကော်မြိုင် ရပ်ကွက်မှာလည်း မဲရုံတာဝန်ကျသည့် ဆရာမတစ်ယောက်က လူများကို ဆွဲခေါ်သွားပြီး တစ် ယောက်ပြီး တစ်ယောက် မဲပေးခိုင်းခဲ့ သည်ဟု မဲရုံစောင့် တာဝန် ကျသူများက သတင်းပို့ထားကြောင်း NLD ကန့်ကွက်စာတွင် ဖေါ်ပြထားပါသည်။



