မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်မှ နေ၍ ထိုင်းနိုင်ငံသို့ တင်ပို့လျက် ရှိသော သဘာဝ ဓါတ်ငွေ့ များကို ဧပြီလ ၈ ရက်နေ့မှ ၁၇ ရက်နေ့ထိ တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းမည် ဖြစ်ကြောင်း ထိုင်းပုဂ္ဂလိက စွမ်းအင် ကုမ္ပဏီ PTT မှ ရွှေဟင်္သာ သတင်းဌာနသို့ ယမန်နေ့က အတည်ပြု ပြောကြားခဲ့ပါသည်။
“ကျွန်မတို့ ဘက်က သိရှိရတဲ့ အကြောင်းချက်တွေ အရကတော့ မြန်မာဘက်က သဘာဝဓါတ်ငွေ့ လုပ်ကွက် တွေကို ဖွံဖြိုး ရေး အစီအစဉ်နဲ့ တိုးချဲ့ ကိရိယာတွေ တပ်ဆင်မှု တွေအတွက် ခေတ္တ ရပ်ဆိုင်းမှာ ဖြစ်တယ်၊ အဲဒီ ရပ်ဆိုင်းမှုဟာ ဧပြီလ (၈) ရက်နေ့ကနေ စပြီး (၁၇) ရက်နေ့ထိ ဖြစ်ပါတယ်” ဟု ထိုင်းပုဂ္ဂလိက စွမ်းအင် ကုမ္ပဏီ PTT မှ ပြန်ကြားရေး ဝန်ထမ်းမှ ပြော ပြပါသည်။

PTT သည် လိုအပ်သောပြုပြင်မှုများ ဖြစ်လာသည့်အခါ မြန်မာအစိုးရကို အကြောင်းကြားပြီး ပြုပြင်ခဲ့ပါသည်။ မြန်မာအ စိုးရဖက်ကမူ ပြုပြင်ရေးကို အကြောင်းပြပြီး ပိုက်လိုင်း ယာယီ ပိတ်ခဲ့ရသည့် အဖြစ်မရှိသလောက် ပင်ဖြစ်ပါသည်။
“မြန်မာဘက်က ဒီလိုဂက်စ်တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းတာဟာ ကျွန်မတို့ ထိုင်းနိုင်ငံရဲ့ ဂက်စ်လိုအပ်ချက်ကို ပိုပြီး အားဖြည့် ပေးမည့်အနေအထား ရှိပါတယ်။ အဲဒီလို ပိုရောင်းလာမဲ့ အခြေအနေ အတွက်ကိုလည်း ကျွန်မတို့ဘက်က ကြိုတင်ပြင် ဆင်ထားပါတယ်။ စွမ်းအင်သုံးစွဲမှု မြင့်တက်လာပေမဲ့ စွမ်းအင်စျေးနှုန်း တက်မလာအောင် ထိန်းချုပ်ဖို့ အစီအစဉ်တွေလည်း ချမှတ်ထားပြီးပါပြီ” ဟု PTT ကုမ္ပဏီ၏ ဂက်စ် အဝင်အထွက် စီစစ်ရေးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုသို့ ယာယီ တင်ပို့မှု ရပ်ဆိုင်းခြင်းကြောင့် PTT ကုမ္ပဏီ အနေနှင့် စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းပေးရေး အတွက် အရှေ့ အလယ်ပိုင်း ဒေသနှင့် ထိုင်းကမ်းလွန် ပင်လယ်ပြင်မှ ထွက်ရှိသည့် ဂက်စ်များဖြင့် အစားထိုး ဖြည့်ဆည်းသွားမည် ဖြစ် ကြောင်း PTT ကုမ္ပဏီ ပြန်ကြားရေး အရာထမ်းမှ ပြောကြားပါသည်။
ယခုအခါ ထိုင်းနိုင်ငံနှင့်အဝှမ်း လောင်စာဆီ လိုအပ်ချက် မြင့်တက်လျက်ရှိပြီး လောင်စာဆီစျေးနှုန်းများ လည်း တဖြည်းဖြည်းမြင့်တက်လာလျက်ရှိသည်။ ဤသို့ကြောင့် လွန်ခဲ့သည့်လတွင် စျေးပေါသည့်ပြည်ပ ရေနံစိမ်းများကို တရားမဝင် လမ်းကြောင်းမှ တဆင့်တင်ဆောင်လာသည့် သင်္ဘောအား ထိုင်းနိုင်ငံ စမုတ်ဆာခွန်၌ ဖမ်းဆီးခဲ့ပါသည်။ ဤရေနံစိမ်းများကို စမုတ်ဆာခွန် ခရိုင်ရှိ အကြီးစားစက်မှုလုပ်ငန်းရှင်များ အတွက် ဖြန့်ဖြူးရောင်းချရန် ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံကဇောတိ M9 လုပ်ကွက်၏ စီမံခန့်ခွဲရေးရုံးကို တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကန်ဘောက်၌ ထားရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရုံးဖွင့်ခဲ့ပါသည်။ ၄င်းဖွင့်ပွဲသို့ PTT ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် Mr.Anon Sirisaengtaksin နှင့် စွမ်းအင်ဝန်ကြီး ဦးလွန်းသီ တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ PTT ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိုမန်၊ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဘာရိန်း၊ သြစတြေးလျ နှင့် နယူးဇီလန်နိုင်ငံများတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် စွမ်းအင် ကုမ္ပဏီ တစ်ခုဖြစ်သည်။

စွမ်းအင်လိုအပ်ချက် ကြီးမြင့်လာသည့် ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းမှစပြီး မြန်မာနိုင်ငံမှ စွမ်းအင်များကိုဝယ် ယူလာခဲ့သည်။ ဇောတိကလုပ်ကွက်မှ စွမ်းအင်တင်ပို့မှုသည်၊ ပြည်ပမှ ရေနံစိမ်းတင်သွင်းမှု၏ တစ်နှစ်လျှင် အမေရိကန် ဒေါ် လာဘီလျံ ၂ ဒသမ ၄ သန်းခန့် ( ဘတ်ငွေ ဘီလျံ ၄၀၀ ခန့် ) သက်သာစေမည် ဖြစ်သည်ဟု ထိုင်းစွမ်းအင်ဝန်ကြီး Mr. Wannarat Charnnukul က The Nation သတင်းစာသို့ ပြောကြားခဲ့ပါသည်။
PTT ကုမ္ပဏီသည် ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ၌ အကြီးဆုံး ပုဂ္ဂလိက ကုမ္ပ ဏီတစ်ခုဖြစ်သည်။ မြန်မာ့ကမ်းလွန် ဇောတိက လုပ်ကွက်မှ တစ်ရက်လျှင် သဘာဝဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၀၀ ကို လက်ခံနေပြီး တစ်ရက်လျှင် ကုဗီတာ သန်းပေါင်း ၂၄၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့နေပြီး ကျန်ရှိနေသည့် ကုဗပေသန်း ၆၀ ကို ပြည်တွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု အတွက်သုံးစွဲ နေပါသည်။ ၂၀၁၁ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အစိုးရနှင့် နှစ်(၃၀) စာချုပ်ဖြင့် ချုပ်ဆိုထားပါသည်။ PTT ၏ ကုမ္ပဏီခွဲ တခုဖြစ်သော PTT PIc မှလည်း မြန်မာ့ပင်လာ်ထဲက လုပ်ကွက် M3, M4, M4, M7 နှင့် M11 တို့တွင် လုပ်ကိုင် နေလျှက်ရှိသည်။



