ပဒို မန်းငြိမ်းမောင်ကို လွတ်ငြိ်မ်း ချမ်းသာခွင့် ပေးရန် ၀န်ကြီး ဦးအောင်မင်း အာမခံ

ပဒို မန်းငြိမ်းမောင်ကို လွတ်ငြိ်မ်း ချမ်းသာခွင့် ပေးရန် ၀န်ကြီး ဦးအောင်မင်း အာမခံ
by -
ရွှေဟင်္သာ

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုကော်မီတီဝင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွှတ်ပေးရန် ရှိသည်ဟု ရထားပို့ဆောင်ရေး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကအာမခံ ထားကြောင်း အစိုးရနှင့် KNU ကြား အပစ်အခတ် ရပ်စဲရန် အကျိုးဆောင်ပေးနေသည့် ဦးညိုအုန်းမြင့်က ဆိုပါသည်။

အစိုးရနှင့် ကေအန်ယူ တို့၏ ဆွေးနွေးပွဲ
ထိုအာမခံချက်ကို ပြီးခဲ့သည့် မတ်လ (၂) ရက်နေ့က ၀န်ကြီး ဦးအောင်မင်းနှင့် KNU ခေါင်းဆောင်တို့ ထိုင်းမြန်မာ နယ်စပ် တနေရာမှာ တွေ့ဆုံဆွေးနွေးစဉ် ၀န်ကြီးက KNU အထွေထွေ အတွင်းရေးမှူးကို အာမခံပေးသွားခြင်း ဖြစ်သည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်က ဆိုပါသည်။

“၀န်ကြီးပြောတာက နိုင်ငံအတွက် ငြိမ်းချမ်းရေးကိစ္စအရေးကြီးနေတဲ့ အချိန်ဖြစ်ပါတယ်။ ပဒိုမန်းငြိမ်းမောင် ကိစ္စကတော့ တရားဥပဒေရဲ့ လွတ်လပ်ခွင့်အရ ဆုံးဖြတ်ပါစေ။ ပြီးရင်တော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လွှတ်ပေးလို့ ရပါတယ်။ မစိုးရိမ်ပါနဲ့လို့ ၀န်ကြီးက အကြိမ်ကြိမ် အာမခံ ခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ဆိုပါသည်။

ဦးညိုအုန်းမြင့်သည်၊ မတ်လ (၂) ရက်နေ့၌ KNU နှင့် နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဦးအောင်မင်းတို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် အကျိုးဆောင် တဦးဖြစ်သည့် အပြင် ပဒိုမန်းငြိမ်းမောင် လွတ်ရေး ကိစ္စကို ၀န်ကြီးက အထူးတာဝန် ပေးထား ခံရသူ တဦးလည်း ဖြစ်ပါသည်။

ပဒိုမန်းငြိမ်းမောင် အမှုကို မတ်လ ၁၃ ရက်နေ့တွင် အင်းစိန်ထောင် အထူးတရားရုံးမှ အပြီးသတ် အမိန့် ချတော့မည်ဖြစ်ပါသည်။ သူသည် ထောင်ဒဏ် ၂နှစ်မှ ၃နှစ်အထိ ကျခံရနိုင်သည့် တရားမဝင် အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် သေဒဏ် (သို့) တစ်သက်တစ်ကျွန်း အထိ ကျခံရနိုင်သည့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ နှင့် တရားစွဲ ထားပါသည်။ ဒီနေ့တရား ရုံး ဆုံးဖြတ်ချက်မှာတော့ တကျွန်းနှင့် ထောင်ဒါဏ်(၃)နှစ် ချမှတ်လိုက်သည်ဟု သိရပါသည်။

ပဒိုမန်းငြိမ်းမောင်သည် ၂၀၁၁ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံ ကူမင်လေဆိပ်၌ နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတုခပ် နှိပ်ထားသည်ဟု စွပ်စွဲချက်ဖြင့် ရန်ကုန်လေဆိပ်သို့ ပြန်အပို့ခံခဲ့ရပြီး မြန်မာအစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်း ဖြစ်ပါသည်။

ပဒိုမန်းငြိမ်းမောင်ကိစ္စသည် KNU နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့၏ အပစ်အခတ် ရပ်စဲရေး နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး သဘောတူညီချက် ရရှိမှုအပေါ်မူတည်နေ ခြင်းဖြစ်ပါသည်။ ဝေဖန်သူများကမူ KNU အပေါ် အစိုးရ၏ အပေးအယူအရ လုပ်ကွက်တခု အဖြင့် မြင်နေကြပါသည်။

Most read this week