ဒေါ်စု အိမ်အနီး အဖမ်းခံရသည့် သတင်းထောက် ထောင်ဒဏ် ၂ နှစ် ကျခံရ

ဒေါ်စု အိမ်အနီး အဖမ်းခံရသည့် သတင်းထောက် ထောင်ဒဏ် ၂ နှစ် ကျခံရ
by -
မျိုးသိဏ်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး ဖမ်းဆီးခံရသူ The News Watch သတင်းထောက်ချုပ်ဟောင်း ကိုဇော်ထွန်းကို ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၂ ရပ်ကွက်တွင် နေထိုင်သူ ၃၄ နှစ်အရွယ် ကိုဇော်ထွန်းသည် ...

 
ရန်ကုန် (မဇ္စျိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး ဖမ်းဆီးခံရသူ The News Watch သတင်းထောက်ချုပ်ဟောင်း ကိုဇော်ထွန်းကို ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
 
ဒဂုံမြို့သစ်မြောက်ပိုင်း ၃၂ ရပ်ကွက်တွင် နေထိုင်သူ ၃၄ နှစ်အရွယ် ကိုဇော်ထွန်းသည် ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်းက ဒေါ်စု၏ နေအိမ်အနီး၌ လုံခြံုရေးများက တွေ့ရှိစစ်ဆေးကာ ဖမ်းဆီးခံရပြီးနောက်၊ အာမခံဖြင့် အမှုရင်ဆိုင်နေရာမှ ရဲကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ယမန်နေ့က ထောင်ချခံရခြင်း ဖြစ်သည်။
 
ပြည်ထဲရေး သတင်းရပ်ကွက်အဆိုအရ အခင်းဖြစ်ပွားချိန်၌ သူသည် လုံခြံုရေး ရဲကို မချေမငံ ပြောဆိုခဲ့သဖြင့် ရဲက တရားလိုပြုလုပ်၍ တရားစွဲခံရကြောင်း သိရသည်။
 
ကိုဇော်ထွန်းမှာ လူချစ်လူခင် ပေါများပြီး သတင်းထောက်ဖြစ်ခြင်းအပေါ် ဂုဏ်ယူသူဖြစ်ကြောင်း သူနှင့် ရင်းနှီးသော ပြည်တွင်း စာနယ်ဇင်းသမား တဦးက ဆိုသည်။
 
သူသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ရန်ကုန်အခြေစိုက် အပတ်စဉ် ဂျာနယ်ဖြစ်သည့် The News Watch မှ အလုပ်ထွက်ကာ အလွတ်သတင်းထောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။