နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ် ထပ်မံချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလိုတခုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် သူမကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ၍ ထားရှိသွားရန် ဆုံးဖြတ်ပြီးဖြစ်နေကြောင်း သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။



