ထောင် ၆၅ နှစ် ကျခံရသူ မနီလာသိန်း ကျန်းမာရေး ချို့ယွင်း

ထောင် ၆၅ နှစ် ကျခံရသူ မနီလာသိန်း ကျန်းမာရေး ချို့ယွင်း
by -
သဲသဲ
နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ချခံနေရသည့် မနီလာသိန်းသည် ထောင်တွင်း၌ အစာအိမ်ဝေဒနာ ခံစားနေရကြောင်း ကြားသိရသဖြင့် မိသားစုမှ  စိုးရိမ်နေကြသည်။ မိသားစုနှင့် တလကျော်ကြာ တွေ့ခွင့်မရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ...

နယူးဒေလီ (မဇ္စျိမ)။     ။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ချခံနေရသည့် မနီလာသိန်းသည် ထောင်တွင်း၌ အစာအိမ်ဝေဒနာ ခံစားနေရကြောင်း ကြားသိရသဖြင့် မိသားစုမှ  စိုးရိမ်နေကြသည်။   

မိသားစုနှင့် တလကျော်ကြာ တွေ့ခွင့်မရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ လူသိများသည့် အမျိုးသမီးခေါင်းဆောင်သည်  အစာအိမ်ဝေဒနာကြောင့် နေ့စဉ်နီးပါး အော့အန်လျက် ရှိသည်ဟု သရက်ထောင်မှ ပြန်လွတ်လာသူများမှတဆင့် မိသားစုဝင်များ သိရှိရခြင်း ဖြစ်သည်။

"သူ့ကိုလည်း တွေ့ခွင့်မရတာ ၂ လနီးပါး ရှိနေတော့ ဘာဖြစ်နေမှန်း မသိရဘူး။ အခု တိုက်ပိတ်ခံရပြီး အစာအိမ်ရောဂါကြောင့် နေ့တိုင်းလိုလို အန်နေတယ်လို့ ကြားရတော့ အန်တီတို့ အရမ်းစိတ်ပူနေတာ။  အဲဒီထောင်က လွတ်လာတဲ့သူ ပြောလို့ သိရတာ" ဟု ယောက္ခမဖြစ်သူက မဇ္စျိမကို ပြောသည်။

သူမနှင့် တွေ့ခွင့်ရရေးအတွက် မိသားစုက သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်သည်ဟု ပြောသည်။   

"သူ့ကို စရောက်ကတည်းက တိုက်ပိတ်ထားတယ်။ ဆရာဝန် လာတွေ့တော့လည်း ဆေးကုမပေးဘဲ တရားထိုင် ပုတီးစိပ်လို့ပဲ ပြောတယ်တဲ့။" ဟု သရက်ထောင်မှ မကြာသေးခင်က နိုင်ငံရေးမှုဖြင့် ပြန်လည် လွတ်မြောက်လာသူ ကိုဇော်လင်းက ပြောသည်။  

ထို့အပြင် ဘာသာရေးစာအုပ်ကို မနီလာသိန်း ဖတ်ရှုနိုင်ရန် ပေးလိုက်သည့် အကျဉ်းသားနှစ်ဦးကို ထောင်မှူးက ၁၅ ရက်ခန့် သံခြေကျင်း ခတ်လိုက်သည်ဟု ကိုဇော်လင်းက ပြောသည်။

မနီလာသိန်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ  အဖွဲ့ဝင်တဦးဖြစ်ကာ လှုပ်ရှားမှု နောက်ပိုင်းတွင် စစ်အစိုးရက ဆန့်ကျင် ဆန္ဒပြသူများအား လိုက်လံ ဖမ်းဆီးခဲ့ချိန်မှ စတင်ကာ ပုန်းရှောင်နေရင်းမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံရသည်။  

ယခင်ကလည်း သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ကြိမ်တိုင်တိုင်-  ၁၉၉၁ ခုနှစ်တွင် ၂ လကြာ၊ ၁၉၉၆ ခုနှစ်မှတွင် ၉ နှစ်တိုင်တိုင် ထောင်ကျခံခဲ့ရဖူးသည်။

ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အဖမ်းခံခဲ့ရပြီး အလားတူပင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။