မြန်မာနိုင်ငံ မြို့ကြီး ၅ မြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

မြန်မာနိုင်ငံ မြို့ကြီး ၅ မြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

မြန်မာနိုင်ငံမှ သိမ်ဇရပ်၊ ဘီလင်း၊ သထုံ၊ ရွှေကျင်၊ တမူးမြို့တို့တွင် ဧပြီလအတွင်းအပူချိန်မှာ ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယခင်ရှိနှင့်ပြီးသား အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းများကို ကျော်လွန်၍ မွန်ပြည်နယ် သိမ်ဇရပ်၊ ဘီလင်း၊ သထုံ နှင့် ပဲခူးတိုင်း ရွှေကျင်မြို့တို့တွင် ဧပြီလ ၂၅ ရက်နေ့က စံချိန်သစ်တင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။

“မွန်ပြည်နယ်က အီကွေတာနဲ့နီးတော့ ပိုပူတယ်။ မနေ့က မြို့လေးမြို့ စံချိန်သစ်တင်တယ်။ အရင် စံချိန်သစ်တင်တဲ့ နောက်တစ်မြို့ကတော့ စစ်ကိုင်းတိုင်းထဲက တမူးမြို့ဖြစ်တယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

တမူးမြို့တွင် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၃.၂ ဒီဂရီစင်တီဂရိတ်မှ ဧပြီလ ၁၈ ရက်နေ့တွင် အပူချိန် ၄၃.၈ ထိရှိလာပြီး ဧပြီလ ၂၀ ရက်တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၄ ဒီဂရီစင်တီဂရိတ်သို့ မြင့်တက်ခဲ့ကြောင်း မိုး/ဇ/လက ထုတ်ပြန်ထားသည်။

သိမ်ဇရပ်မြို့တွင် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၂.၅ ဒီဂရီစင်တီဂရိတ်မှ စံချိန်သစ် ၄၃ ဒီဂရီစင်တီဂရိတ်၊ ဘီလင်းမြို့တွင် ၄၁.၄ ဒီဂရီစင်တီဂရိတ်မှ ၄၁.၇ ဒီဂရီစင်တီဂရိတ်၊ သထုံမြို့တွင် ၄၀.၃ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်၊ ရွှေကျင်မြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်မှ ၄၂.၇ ဒီဂရီစင်တီဂရိတ်ဖြင့် အသီးသီး စံချိန်သစ်တင်ခဲ့သည်။

သိမ်ဇရပ်မြို့မှ ကိုရဲဝင်းက “မနေ့ကတော့ ၄၃ ဒီဂရီအထိ ပူလိုက်တယ်။ ဒီနေ့တော့ လေနည်းနည်းတိုက်နေတော့ ၄၂ ဒီဂရီလောက်ပဲရှိတယ်။ အပူချိန်မြင့်တော့ အဓိက ရေရှားတာတစ်ခုဖြစ်တယ်”ဟု ပြောသည်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအရ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့သည့် မြို့ ၅ ခုရှိနေပြီး ပျှမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ်အကြား အပူချိန်မြင့်တက်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုအထိရှိကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

အပူချိန်မြင့်တက်မှုကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ နာတာရှည်ရောဂါရှိသူများအပြင် အဝလွန်သူများမှာ ရာသီဥတုပူပြင်းမှုဒဏ်ကို သာမန်လူများထက် ခံနိုင်စွမ်းအားနည်းသည့်အတွက် အထူးဂရုစိုက်ကြရန် ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

ဓာတ်ပုံ -  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Most read this week

ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...