စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်ရှိ လောကာနန္ဒာစေတီအား ယနေ့နံနက်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သောအဖွဲ့က ထီးတော်သစ်တင်လှူခဲ့သည်ဟု သတင်းရရှိသည်။
ယနေ့ မတ်လ ၃၁ ရက်၊ နံနက် ၆ နာရီကျော်တွင် ပင့်ဖိတ်ထားသည့်ဆရာတော်၊ သံဃာတော်များက စေတီတော်ရင်ပြင်၌ ပရိတ်ရွတ်ဖတ်ခြင်း၊ နံနက် ၈ နာရီကျော်ခန့်တွင် စေတီအား ပရိတ်ရည်များဖြင့် လှည့်လည်ပက်ဖြန်းပူဇော်ခြင်းများပြုလုပ်ခဲ့သည်။
နံနက် ၉ နာရီခန့်တွင် ရခိုင်ရိုးရာမင်္ဂလာစည်တော်များဖြင့် တီးခတ်ပူဇော်လျက် လောကာနန္ဒာ စေတီတော်၏ရင်ပြင်တော် အရှေ့မြောက်ထောင့် ပြဿဒ်ဆောင်မှနေ၍ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သောအဖွဲ့က ဆွဲရထားဖြင့် ထီးတော်သစ်ကိုသယ်ယူကာ စေတီတော်သို့တင်လှူခဲ့ကြခြင်းဖြစ်သည်။
လောကာနန္ဒာစေတီအနီးရှိ မြို့ခံတစ်ဦးက "မနက်အစောပိုင်းလောက်က ပရိတ်တရားနာတယ်။ မနက် ၈ နာရီကျော်လောက်က တရားပွဲတွေနဲ့ စေတီတော်ကိုလှည့်လည်ကြတာလည်း တွေ့ရတယ်။ မနက် ၉ နာရီကစပြီး စေတီပေါ်သို့ ဆွဲရထားနဲ့သယ်ယူပြီး ထီးတင်တယ်" ဟု ပြောသည်။
စေတီတော်၏ထီးတော်သစ်မှာ အချင်း ၂၆ ပေရှိပြီး ကျပ်သိန်း ၉ဝဝ အကုန်ကျခံ၍ မန္တလေးမြို့တွင်ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဂေါပကအဖွဲ့နှင့် နီးစပ်သူများမှ သိရသည်။
လောကာနန္ဒာစေတီကို ထီးတော်သစ်တင်လှူရာ၌ ကျပ်သိန်း ၁၇၀ ကို ရွှေမိုး၊ ငွေမိုး၊ ရတနာမိုးအဖြစ် ရွာသွန်းစွန့်ကြဲသွားခဲ့သည်ဟုလည်း ထီးတော်တင်လှူပွဲသို့ရောက်ရှိနေသူများက ပြောသည်။
ထီးတော်သစ်တင်လှူနေစဉ် လောကာနန္ဒာစေတီပရဝုဏ်အတွင်းသို့ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများကသာ ဝင်ထွက်သွားလာခွင့်ရပြီး စေတီတော်၏ ဝင်ပေါက် မုခ်ဝတို့တွင် ရဲနှင့်စစ်သားများက လုံခြုံရေးအပြည့်နေရာယူထားကြ၍ မြို့ခံများ ဝင်ထွက်သွားလာခွင့်မရခဲ့ဟု သိရသည်။
ထီးတော်သစ်တင်လှူပွဲသို့ စစ်တွေရှိ ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့တို့အပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများကိုလည်း တစ်ဦးလျှင် ကျပ် ၁ သောင်းပေးပြီး ခေါက်ဆွဲကြော် တစ်ပွဲကျွေးမည်ဟုဆိုကာ ယနေ့နံနက် ၅ နာရီခွဲတွင် စေတီတော်ရင်ပြင်သို့အရောက်လာရန် ယမန်နေ့ကပင် စေခိုင်းထားသည်ဟု ဌာနဆိုင်ရာ ဝန်ထမ်းများက ပြောသည်။
လောကာနန္ဒာစေတီကို ထီးတော်သစ်တင်လှူနိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှအပါအဝင် စစ်ကောင်စီပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့ မတ်လ ၃၀ ရက်၊ နေ့လယ် ၂ နာရီကျော်တွင် စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လာရောက်ရန်ရှိသည့်အတွက် လောကာနန္ဒာစေတီပရဝုဏ်အတွင်းရှိ စျေးဆိုင်ခန်းများနှင့် မုန့်ဆိုင်တန်းများကိုလည်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် မြို့နယ်စည်ပင်က ဖြိုဖျက်ခိုင်း၍ မတ်လ ၂၉ ရက်က အပြီးဖြိုဖျက်ခဲ့ရသည်ဟုလည်း ဈေးဆိုင်ရောင်းချသူများက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စစ်တွေသို့ ရောက်ရှိနေ၍ လောကာနန္ဒာစေတီတဝိုက်နှင့် စစ်တွေမြို့ရှိ အထကရ လမ်းဆုံလမ်းခွများတွင် လုံခြုံရေးရဲများနှင့် စစ်ကောင်စီတပ်သားများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားသည်ဟုလည်း မြို့ခံများက ပြောသည်။
လောကာနန္ဒာစေတီတော်မြတ်ကြီးကို ကျပ်သိန်းပေါင်း ၃ သောင်းကျော်အကုန်ကျခံ ပြုပြင်မွမ်းမံခဲ့ပြီး စေတီတော်၏ မျက်နှာကြက်နှင့် ထီးတော်ကို ၂၀၁၈ ခုနှစ်၊ မတ်လမှစတင်ကာ တစ်နှစ်ခန့်အကြာ မွန်းမံခဲ့ခြင်းဖြစ်သည်။
ကြားထဲတွင် ကိုဗစ်ကြောင့် ၃ နှစ်ခန့်ရပ်နားထားခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစကာ ပြန်လည်ပြုပြင်မွမ်းမံနေခြင်းဖြစ်သည်။
လောကာနန္ဒာစေတီကို စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်တွင် ၁၉၉၉ ခုနှစ်၊ မတ်လ ၂ ရက်၌ စစ်အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။
စေတီတော်ကြီး၏အမြင့်မှာ ၁၆၂ ပေရှိပြီး ရင်ပြင်တော်အကျယ်မှာ ၄၅၉ ပေရှိကာ အရံစေတီတော် ၈ ဆူနှင့် မုခ်ပေါက်ဝ ၄ ခုရှိသည်။
အဆိုပါစေတီတော်ကြီးကိုတည်ထားသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်၍ ပျက်စီးယိုယွင်းမှုများရှိလာသည့်အတွက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း စစ်တွေသို့ရောက်ရှိခဲ့ပြီး လောကာနန္ဒာစေတီအား ပြန်လည်ပြုပြင်မွမ်းမံနေမှုကို သွားရောက်ကြည့်ရှုခဲ့သေးသည်။







