လားရှိုးမြို့ နေအိမ်တစ်လုံးရှေ့တွင် အမျိုးသား အလောင်းတွေ့

လားရှိုးမြို့ နေအိမ်တစ်လုံးရှေ့တွင် အမျိုးသား အလောင်းတွေ့

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် (၇)၊ ဇေယျားလမ်းရှိ နေအိမ်တစ်လုံးရှေ့တွင် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၉ ရက်) ညနေပိုင်း ၃ နာရီတွင် လားရှိုးမြို့ ရပ်ကွက် (၇)၊ ဇေယျားလမ်းရှိ နေအိမ်တစ်လုံးရှေ့၌ နေရပ်လိပ်စာနှင့် အမည်မသိရသည့် အသက် (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးနေသည့် အလောင်း ကိုတွေ့ရှိပြီး ၎င်းအလောင်းကို သွားရောက်သယ်ယူသည့် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒေသခံတွေ အကြောင်းကြားလာတော့မှ ကျနော်တို့တွေ အလောင်းသွားသယ်ပေးခဲ့တာပါ။ အလောင်းမှာ ထိခိုက်ဒဏ်ရာတွေ ရထားတာတော့ မတွေ့ရဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် သူတွေဟာ များသောအားဖြင့် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားသူများ ဖြစ်ကြပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်ရာ ညဘက်အအေးမိခြင်း၊ အစာအဟာရ ပြတ်လပ်ခြင်းမှ သေဆုံးသွားကြကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့နယ်ထဲတွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်လာခြင်း၊ လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် မကြာခဏ လူသေအလောင်းတွေ တွေ့ရှိနေရခြင်းဖြစ်ကြောင်း လားရှိုးဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ အခုလားရှိုးမှာ လောင်းကစားတွေ အဆော့များ၊ ရှုံးများတာတော့ ဖိုက်ကြူးပဲ။ တချို့တရုတ်ဝိုင်းတွေဆို တခါထိုးရင် ရာချီတယ်။ တချို့ဝိုင်းဆို ပြောင်းဖူးစေ့နဲ့တောင်ဆော့ကြတာ ၁ စေ့ကို ဆယ်သိန်းသတ်မှတ်ပြီး ဆော့တာ“ ဟု ၎င်းက ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့၊ (TNLA)တပ်ဖွဲ့၊ (SSPP/SSA)တပ်ဖွဲ့နှင့် (MNDAA)တပ်ဖွဲ့တို့ လှုပ်ရှားနယ်မြေဖြစ်ကြရာ လောင်းကစားဝိုင်းပိတ်ပင်ခြင်းနှင့် မူးယစ်ဆေးဝါး တားဆီးခြင်းတို့ကို လုပ်ဆောင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောက်ချက်အရသိရသည်။

အလားတူ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင်လည်း (၃) ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းအထိ တွေ့ရှိကြောင်း PSLF/TNLA က (မတ်လ ၂၁ ရက်)တွင် ထုတ်ပြန်ထားသည်။

အလောင်းသည် မူဆယ်မြို့နယ်ထဲမှ ပန်ခမ်းချောင်း၊ သိန်းသန်းချီကားဝန်းနှင့် ဟိုနားရပ်ကွက်တွင် တွေ့ရှိထားပြီး ရုပ်အလောင်းနှစ်လောင်းမှာ မူးယစ်ဆေးဝါးအများပြားသုံးစွဲပြီး အအေးပတ်ကာ သေဆုံးသွားသည့် အခြေနေမျိုး တွေ့ရှိရကြောင်း၊ ကျန်သည့်ရုပ်အလောင်းတစ်ခုမှာ ပုတ်ပွပြီးသေဆုံးနေသဖြင့် သေဆုံးမှုအကြောင်းအရာကို မသိရှိရကြောင်း ရေးသားဖော်ပြထားသည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...