KNU နယ်မြေများတွင် ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုများလာ

KNU နယ်မြေများတွင် ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုများလာ

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုမိုများပြားလာကြောင်း “မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက် ဆုံးနေသော လူသားဘဝများ” အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာမိတ်ဆက်ပွဲကို မတ်လ ၂၇ ရက်နေ့က KNU တပ်မဟာ (၇)၊ ဘားအံခရိုင်၌ ကျင်းပ ပြုလုပ်စဉ် KNU ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနတာဝန်ရှိသူများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဖြစ်လာတာကို အချက်အလက်ဒေတာတွေပေါ်မှာ အခြေခံပြီးတော့ တွေ့ရမှာဖြစ်တယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းက ပြောဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း KNU ၏ တပ်မဟာ(၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆)တို့၌ လူ့အခွင့် အရေးချိုးဖောက်မှု အများဆုံးဖြစ်နေကြောင်း စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှ စောသော်မိုးအယ်က လည်းပြောသည်။

“လက်နက်ကြီးပစ်ခတ်ခံရမှု အများဆုံးဆိုရင် တပ်မဟာ(၁)၊ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးက တပ်မဟာ(၆)နဲ့ တပ်မဟာ(၅)ပြီးတော့ စစ်ကောင်စီရဲ့ လူထုကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ခံရတာ၊ လူထုတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတာ၊ ဒေသခံတွေ ဖမ်းဆီးခံရတာအများဆုံးက တပ်မဟာ(၃)ပါ” ဟု ၎င်း ကဆိုသည်။

“မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ ” အစီရင်ခံစာ အား KNU ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနနှင့် မှတ်တမ်း ဌာနခွဲတို့မှဦးဆောင်ပြုစု၍ ထုတ်ဝေခဲ့ခြင်းဟုဆိုသည်။

အစီရင်ခံစာသည် စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း KNU အုပ်ချုပ်နယ်မြေ ခုနစ်ခု၌ စစ်တပ်မှ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုမြောက် လူသားမျိုးနွယ်စု မျိုးတုန်းသတ် ဖြတ်ကျူးလွန်ခဲ့သည့်ဖြစ်စဉ်များနှင့် မှတ်တမ်းများအားစုစည်းထားသော စာအုပ်ဖြစ်ကြောင်း ဆိုသည်။

“အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဒေတာအချက်အလက်တွေကို စုစည်းရင်းနဲ့ ထုတ်လို့ရမယ့်ရက်ကို ကျွန်တော်တို့ တိုင်ပင်ကြတဲ့အခါ ဒီနေ့ မတ်လ ၂၇ ရက်နေ့က KNU ရဲ့ နယ်မြေဖြစ်တဲ့ မူတြော်ခရိုင်( တပ် မဟာ-၅)ကပြည်သူတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေ့ဖြစ်တဲ့ အတွက် ဒီနေ့မှာစတင်မိတ်ဆက်တာဖြစ်ပါတယ်" ဟု ပဒိုစောလှထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၁၊ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် KNU တပ်မဟာ (၅)၊ ဖာပွန်ခရိုင်ရှိ ဒေးဘုနိုကျေးရွာသို့ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်တွင် ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦးသေဆုံးပြီး ခုနစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကာ အဆောက် အဦးများစွာ ပျက်စီးခဲ့ရသည်။

ထို့အတူ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်လည်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ထီးလေးကွီးကျေးရွာ အတွင်းနှင့် အထက်တန်းကျောင်းဝန်းဟောင်းအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ရသေးသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...