အင်းတော်ကြီးဒေသတွင် ရွှေအလွန်အကျွံတူးဖော်နေခြင်းကြောင့် ချောင်းရေအသုံးပြုရန် ခက်ခဲလာပြီး စိုက်ခင်းလုပ်ကိုင်သူများ အခက်ကြုံ

အင်းတော်ကြီးဒေသတွင် ရွှေအလွန်အကျွံတူးဖော်နေခြင်းကြောင့် ချောင်းရေအသုံးပြုရန် ခက်ခဲလာပြီး စိုက်ခင်းလုပ်ကိုင်သူများ အခက်ကြုံ

သဘာဝဘေးမဲ့တောဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ အင်းတော်ကြီးဒေသမှာ ရွှေအလွန်အကျွံတူးဖော်မှုတွေကြောင့် ချောင်းရေအသုံးပြုဖို့ ခက်ခဲလာပြီး စိုက်ခင်းလုပ်ကိုင်သူတွေ အခက်ကြုံနေရပါတယ်။

ရွှေတူးဖော်သူတွေဟာ ချောင်းရေကိုစုပ်ယူသုံးစွဲနေတာကြောင့် စိုက်ခင်းလုပ်ကိုင်သူတွေအတွက် ချောင်းရေအသုံးပြုဖို့ ခက်ခဲလာတာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသ၊ နန့်ရင်းခသစ်တောကြိုးဝိုင်းတစ်ဝိုက်က လယ်ယာမြေတွေအတွက် အဓိကမှီခိုအသုံးပြုတဲ့ နန့်ရင်းခချောင်းနံဘေးမှာ စက်ယန္တရားကြီးတွေအသုံးပြုပြီး ရွှေတူးဖော်လာတာတွေကြောင့် ချောင်းရေထဲ နွံ၊ ဒီဇယ်၊အင်ဂျင်ဝိုင်၊ပြဒါး စတာတွေစီးဝင်လာပြီး ခြေလက်ဆေးဖို့တောင် အသုံးပြုလို့မရလာတဲ့အထိ ဖြစ်လာတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ရေထဲနွံဝင်တာတော့ လျော့လာတယ်။ ဒါပေမဲ့ သူတို့ကရေစုပ်ယူမြဲမို့လို့ အခုတောင် ခမ်းလာတာပေါ့။ အခင်းလုပ်တဲ့သူတွေအတွက် ခက်ခဲလာတာ။ ရေခမ်းတဲ့အချိန်လည်းဖြစ်လာတော့ သူတို့စုပ်ယူလိုက်တဲ့အချိန် ကျွန်တော်တို့အတွက်က ရေမရှိတော့တာပေါ့။ သူတို့တစ်ခါတလေ စစ်ကြောင်းအရမ်းထိုးလို့ ထွက်ပြေးသွားတဲ့အခါ နည်းနည်းကြည်ရင် ပြန်စုပ်ယူရတာ။” လို့ ဒေသခံက ဆိုပါတယ်။

အရင်ကရေစီးရေလာကောင်းတဲ့ နန့်ရင်းခါချောင်းဟာ ရွှေတူးဖော်မှုကြောင့် ဒီနောက်ပိုင်းမှာတော့ အမြဲလိုလိုရေနောက်နေပြီး ခမ်းခြောက်လာပြီလို့ နောက်ထပ်အင်းတော်ကြီးဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ အဲဒီနန့်ရင်းခ လုံးတုံးကရေက ခမ်းတောင်ခမ်းလာပြီ။ ရေတောင်မစီးချင်တော့ဘူး။ အရင်က နွေရာသီလည်းနွေရာသီ ငါးဖမ်းစားနဲ့ ငါးအကြီးတွေရှိတဲ့နေရာကို ရွှေတူးတာကြောင့် အမြဲတမ်းရေနောက်ပြီးစီးနေတာ ။” လို့ဒေသခံက ဆိုပါတယ်။

အင်းတော်ကြီးဒေသအတွင်း စိုက်ပျိုးရေးလုပ်ကိုင်သူတွေဟာ ချောင်းရေတွေကိုသာ အဓိကသုံးစွဲကြတာဖြစ်ပြီး ရွှေတူးဖော်ရာက ထွက်ရှိတဲ့ဓာတုဓာတ်တွေဟာလည်း စိုက်ပျိုးရေးအတွက်ရယူသုံးစွဲနေတဲ့ ချောင်းရေတွေထဲ စီးဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...