ရွှေကုက္ကိုလ်ရှိ လောင်းကစားဝိုင်းများတွင် ပြည်မမှလူငယ်အများအပြား လာရောက်လုပ်ကိုင်နေ

ရွှေကုက္ကိုလ်ရှိ လောင်းကစားဝိုင်းများတွင် ပြည်မမှလူငယ်အများအပြား လာရောက်လုပ်ကိုင်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့ရှိ ကာစီနို လောင်းကစားရုံများတွင်  ဒေသခံမဟုတ်သည့် ပြည်မမှ လူငယ်အများအပြား လာရောက် လုပ်ကိုင်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

BGF ခေါင်းဆောင်များနှင့် တရုတ်၊ ထိုင်းစသည့်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များအကျိုးတူ ပူး‌ပေါင်းလုပ်ဆောင်နေသည့် ကာစီနိုလောင်းကစားရုံများတွင် တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် ဧရာဝတီ တိုင်းဒေသကြီး စသည့်နေရာဒေသများမှ လူငယ်များ အများဆုံးလာရောက်လုပ်ကိုင်နေကြပြီး အခြေခံ လစာကိုလည်း ဘတ်တစ်သောင်းကျော်အထိ ပေးနေကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“မြန်မာတွေများတယ်။ အင်ဒိုတွေလည်းရှိတယ်။ အခုဆိုကုလားတွေပါ ပါလာပြီး။ အရင်ကဆို ကုလား တွေ ပေးမဝင်ဘူး အခုပေးဝင်တယ်။ ဒီကိုလာတဲ့သူတွေက လူငယ်တွေများတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေက ဘန်ကောက်တက်မယ့်အစား ဒီကိုပဲလာကြတော့တာ။ ကာစီနိုမှာအလုပ်စဝင်ပြီးဆို ဘတ် ၁ သောင်းကျော် စပေးပြီး။ အဓိကက တရုတ်စကားနဲ့ ကွန်ပျူတာကိုင်တတ်ရင်ရပြီး။ တောင်ကြီးတို့၊ ရန်ကုန်တို့၊ ဧရာဝတီဘက်ကလာကြတာများတယ်။ လာတာတော့ မြို့နယ်အစုံပဲ လာလုပ်ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနေရာရှိ လောင်းကစားရုံများနှင့် အခြားသောလုပ်ငန်းခွင်များတွင် လူကုန်ကူးခြင်း၊ အတင်းအဓမ္မစေခိုင်းမှုများနှင့် အလုပ်သမားများအပေါ် ရိုက်နှက်နှိပ်စက်မှုများဖြင့် လူ့အ ခွင့်အရေး ချိုးဖောက်မှုများစွာရှိနေကြောင်း နာမည်ကြီးနေပြီး ပြည်တွင်းအလုပ်သမားများအပြင် မြန်မာ့အိမ်နီးချင်း တိုင်းပြည်တချို့မှ ရာနှင့်ချီသည့် အလုပ်သမားများလည်း ဝင်ရောက်လုပ်ကိုင် လျက်ရှိသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဆိုပါ မြို့သစ်စီမံကိန်းနေရာတွင် သွားရောက်အလုပ်လုပ် ကိုင်နေသည့် မြန်မာ့အိမ်နီးချင်း ထိုင်း၊ လာအိုနှင့် အင်ဒိုနီးရှားမှ နိုင်ငံခြားအလုပ်သမားများ လူကုန်ကူး ခံခဲ့ရပြီး အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်ခိုင်းစေမှုများ ပြုလုပ်ခိုင်းမှုရှိကာ မလုပ်ဆောင်ပေး သူများကို ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရွှေကုက္ကိုလ်ကျေးရွာသို့ သွားရာတွင်လည်း BGF စစ်ဆေးရေး ဂိတ် (၅)ခုခန့် ဖြတ်ကျော်ရပြီး  တရုတ်နိုင်ငံသားများနှင့်အတူ မော်တော်ယာဉ် စီးနင်းလိုက်ပါလာသူများကို BGF စစ်ဆေးရေးဂိတ်များ စစ်ဆေးမှုမပြုလုပ်ဘဲ အခြားသောကားများကိုသာ စစ်ဆေးမှုပြုလုပ်ကြောင်း အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောသည်။

“လမ်းကြောင်းအခြေအနေက အစစ် ဆေးမရှိဘူး။ တခြားကားတွေတော့ စစ်တယ်။ ကျနော်တို့ လာတဲ့ ကားတော့ မစစ်ဘူး။ ငါတို့က အထဲက တရုတ်တွေနဲ့သွားတယ်။ သူတို့နဲ့သွားရင် အစစ်အဆေးမ ရှိဘူး။ တခြားကားတွေနဲ့ဆိုရင် ဂိတ်ရောက်ရင် အားလုံးကားပေါ်ကနေ ဆင်းရတယ်။ ဂိတ်က ၅ ဂိတ်လောက် ချထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ  ရွှေကုက္ကိလ်မြို့ရှိ  ကာစီနိုလောင်းကစားရုံများတွင် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများကို ကာစီနိုရုံ၌ အလုပ်လုပ်ရန် အွန်လိုင်းစနစ်ဖြင့် အလုပ်သမားများကိုယ်တိုင် လူခေါ်ယူပေးရမှုများလည်း ရှိကြောင်း ကိုယ်တိုင်လုပ်ကိုင်နေရသူများထံမှ သိရသည်။

ရွှေကုက္ကိုလ်မြို့သစ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ရာထိုင်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holding Group) ကုမ္ပဏီနှင့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် နယ်မြေခံ (BGF)တို့ ပူးပေါင်း၍ မြန်မာ-ရာထိုင်ရွှေကုက္ကိုလ်အထူး စီးပွားရေးဇုန်အနေဖြင့် မြဝတီမြို့၏ မြောက် ဘက်ဆယ်မိုင် ခန့်အကွာရှိ ရွှေကုက္ကိုလ်ဒေသတွင်  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...