လက်နက်ကြီးကြောင့် ကလေး ၂ ဦးသေ။ ၂ ဦး ဒဏ်ရာရ

လက်နက်ကြီးကြောင့် ကလေး ၂ ဦးသေ။ ၂ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သထုံမြို့နယ်က ကလေး ၂ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၂ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

သထုံဒေသခံတစ်ဦးက “ကျုံမိန်ရွာထဲကို လက်နက်နဲ့ ပစ်တာ၊ ဘာတိုက်ပွဲမှလည်းမရှိဘူး။ လက်နက်ကြီးကျကွဲ လို့ ရွာက ကလေး ၂ ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ ကလေးနောက်တစ်ယောက်က ဒဏ်ရာရတယ်၊ လူကြီးလည်း တစ်ဦးထိတယ်” ဟု ပြောသည်။

ထိုနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ-၂၄ တပ်ရင်းမှ ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကျုံမိန်ကျေးရွာနေ အသက် ၇ နှစ်အရွယ်နှင့် အသက် ၁၃ နှစ်အရွယ် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကရင်အမျိုးသား အစည်း အရုံး KNU တပ်မဟာ(၁) ရှိ ဆေးပေးခန်းသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန္နဝါရီလအတွင်းကလည်း သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက် ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများ ကျေးရွာထဲ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၁၀ ဦးထက် မနည်းရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...
December 8, 2025
ကရင်နီပြည် ထိန်းချုပ်နယ်မြေ ကေးလျားမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်...