ပျူစောထီး သတ်ခံရပြီးနောက် အမျိုးသမီးလေးဦးကို ဖမ်းဆီး

ပျူစောထီး သတ်ခံရပြီးနောက် အမျိုးသမီးလေးဦးကို ဖမ်းဆီး

ထားဝယ်တွင် လက်နက်ကိုင်ဆောင်ကာ သွားလာတတ်သူ စစ်ကောင်စီသတင်းပေး၏ ပျူစောထီးအဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရပြီးနောက် အမျိုးသမီး ၄ ဦးကိုစစ်ကောင်စီတပ်မှလာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ် (ဃ)ရပ်ကွက်တွင် နေအိမ်ခြံဝန်းအနောက်ဘက်၌ အမှိုက်မီးရှို့နေသည့် ဦးအောင်ဆန်းဦးကို ဆိုင်ကယ် ၃ စီးဖြင့် လူ ၅ ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

အသက် ၃၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးက “သူက လက်နက်အားကိုးနဲ့ ဘယ်သူ့ကိုမှဂရုမစိုက်ဘူးဆိုတဲ့ အကြောင်းအမြဲ ပြောဆိုတတ်တယ်။ နေရာတကာဝင်ပြီး စပ်စုလေ့ရှိတာကြောင့် ရွာမှာက သူ့ကို ကြည့်မရ တဲ့သူတွေချည်းပဲ” ဟု ပြောသည်။

ပစ်သတ်ခံရသူမှာ ပျူစောထီးအဖွဲ့ဝင် ဦးအောင်ဆန်းဦး အသက် ၄၂ နှစ်ဖြစ်ပြီး ဖေဖေါ်ဝါရီ လလယ်ပိုင်းက ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဦးအောင်ဆန်းဦး ပစ်ခတ်ခံရပြီး နောက်တစ်ရက် သောကြာနေ့တွင် လောင်းလုံးမြို့ပေါ် (ဂ)နှင့် (ဃ) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ဦးခေါင်းနှင့် ညာပါးဖေါက်ထွက် ကျည်ထိမှန် ဒဏ်ရာများရရှိကာ မီးပုံ အနီးမှာပင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

သေဆုံးသွားသူ ဦးအောင်ဆန်းဦးသည် ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး နေ့ည အချိန်ပြည့်နီးပါး ယူနီ ဖောင်းဝတ်ကာ လက်နက်ကိုင်ဆောင်လေ့ရှိသည်ကို အမြဲတွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီမှ ပေးအပ်ထားသည့် လုံခြုံရေးတာဝန်များနှင့် PDF တပ်ဖွဲ့ လှုပ်ရှားနေမှု သတင်းများကို ထောက် လှမ်းကာ စစ်တပ်ထံ သတင်းပေးနေသူ တစ်ဦးဖြစ်သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ညတွင်းချင်း အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားသည်ကို မြင်တွေ့ ရကြောင်း ဒေသခံများက ပြောသည်။

ဦးအောင်ဆန်းဦး ပစ်သတ်ခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နေအိမ်အနီးတဝိုက်မှ နေအိမ်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က လောင်းလုံးမြို့ပေါ် (ဂ)နှင့် (ဃ) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး ၄ ဦးကို ကား ၂ စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများဖြစ်သည့် ဒေါ်သန်းအေး၊ ဒေါ်အုန်းရွှေ၊ မမိငြိမ်း နှင့် မသန်းသန်းထွေးတို့ကို လောင်းလုံးရဲစခန်း တွင် ချုပ်နှောင်ထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ နှစ်ဦးမှာ ပစ်သတ်ခံလိုက်ရသည့် ပျူစောထီးအဖွဲ့ဝင် ဦးအောင်ဆန်းဦး နေအိမ် အနီး တွင် နေထိုင်ကြသူများ ဖြစ်သည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...