ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့ နေ့စဉ်မျက်ရည်ကျရတဲ့ အသက် (၇၀) အရွယ် စစ်ရှောင်အဘိုးအို

ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့ နေ့စဉ်မျက်ရည်ကျရတဲ့ အသက် (၇၀) အရွယ် စစ်ရှောင်အဘိုးအို

“ကိုယ့်အိမ်ကိုယ့်ယာမှာပဲ လောင်သွားတဲ့ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပြီး မိုးကာလေးနဲ့ဖြစ်ဖြစ် ပြန်နေချင်ပါတယ်”

ဒီစကားကို နှစ်ရှည်စုဆောင်းထားတဲ့ ငွေလေးနဲ့ နေအိမ်ဆောက်ပြီး မိသားစုအသိုက်အဝန်းနဲ့အေးအေးချမ်းချမ်းနေလာရင်းတန်းလန်း စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ ထန်တလန်မြို့က စစ်ဘေးရှောင်အဘိုးကြီးတစ်ဦးရဲ့ နေရပ်ကိုသတိတရနဲ့ ပြောလိုက်တဲ့စကားဖြစ်ပါတယ်။

စစ်ဘေးရှောင်အဘိုးကြီးဟာ ပြည်တွင်းမှာ အစိုးရဝန်ထမ်းလုပ်နေရင်း အစိုးရဝန်ထမ်းလစာနဲ့ နေအိမ်တည်ဆောက်လို့မရနိုင်တာကြောင့် အစိုးရဝန်ထမ်းအလုပ်ကို စွန့်လွှတ်ကာ မိသားစုနဲ့ ဝေးတဲ့ နိုင်ငံခြားကို ထွက်ပြီးအလုပ်လုပ်ခဲ့သူပါ။

နိုင်ငံခြားမှာ ကြိုးကြိုးစားစားအလုပ်လုပ်ရင်း အိမ်လေးတစ်လုံးပိုင်ဆိုင်ဖို့အတွက် (၇) နှစ်အထိ မိသားစုနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ အဲဒီနောက်မှာ ပြည်တွင်းကို ပြန်လာပြီး စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ အိမ်လေးတစ်လုံးကို မိသားစုအတွက် တည်ဆောက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အသက် (၇၀) အရွယ်နဲ့ စစ်ဘေးရှောင်နေရပါတယ်။

ထန်တလန်မြို့ဟာ ယခင်က လမ်းပန်းဆက်သွယ်ရေးဆိုးရွားလှတဲ့အပြင် ကုန်ပစ္စည်းတွေကို သုံးလေးမြို့ဖြတ်ပြီးမှ မှာယူရတာဖြစ်တဲ့အတွက် ကုန်ပစ္စည်းမှန်သမျှဟာ ပြည်မစျေးထက် နှစ်ဆနီးပါးစျေးပိုကြီးပါတယ်။ ဒါကြောင့် ထန်တလန်မြို့လိုနေရာမှာ နေအိမ်တစ်လုံးတည်ဆောက်ဖို့ဆိုတာ ငွေကြေးအကုန်အကျအရမ်းများလွန်းလှပါတယ်။

ဒါပေမယ့် ချင်းတောင်ပေါ်ဒေသဟာ ရာသီဥတုအေးချမ်းလှတဲ့အတွက် ဘယ်လောက်ပဲ ခက်ခဲနေပါစေ နေအိမ်ကိုတော့ မိုးလုံ၊ လေလုံဖြစ်အောင် ကောင်းကောင်းတည်ဆောက်ဖို့ကို အားလုံးကကြိုးစားကြပြီး နေအိမ်တစ်လုံးဖြစ်လာပြီဆိုရင်လည်း ဘုရားသခင်ကို ကျေးဇူးတင်တဲ့အနေနဲ့ မိတ်ဆွေ၊ အသင်းသူအသင်းသားတွေ၊ ရပ်ကွက်သူရပ်ကွက်သားတွေအားလုံးကို ဖိတ်ခေါ်ထမင်းကျွေးကာ အိမ်သစ်တက်ပွဲ ( ကျေးဇူးတော်ချီးမွမ်းပွဲ) လုပ်ပြီးမှ အသစ်ဆောက်တဲ့နေအိမ်မှာ နေထိုင်ကြတာ ဟိုးဘိုးဘေးခေတ်ကတည်းကဖြစ်ပါတယ်။

အခုစစ်ဘေးရှောင်နေရတဲ့ အဘိုးအိုဟာ ထန်တလန်မြို့ရတဲ့နှစ် ၁၉၆၅ ခုနှစ်မှာပဲ ၇ တန်းအောင်မြင်ပြီး ပြည်မဖက်မှာ ၉ တန်းအထိ ပညာသင်ကြားခဲ့သူပါ။ အစိုးရဝန်ထမ်းလုပ်ပြီးမကြာမီ ၁၉၉၃ ခုနှစ်မှာ နိုင်ငံခြားထွက်အလုပ်လုပ်ခဲ့တာ ၁၉၉၉ အထိပါပဲ။

သူနေအိမ်တည်ဆောက်ပြီးချိန်မှာ သူ့မှာ သားသမီးနှစ်ဦးလည်း ထွန်းကားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံ့အာဏာသိမ်းပြီး မြို့တွင်းတိုက်ပွဲတွေကြောင့် ထန်တလန်မြို့တွင်းမီးလောင်တိုက်သွင်းခံရတာ အစောပိုင်းမှာဖြစ်ပွားလာခဲ့တာပါ။

"ကျနော့်အိမ်မီးထဲပါသွားလာလို့ ကျနော့် မိဘဆွေမျိုးတွေက လာမေးတဲ့ ရက်က လုံးဝစကားပြန်ပြောလို့ မရဘူး၊ ကျနော်ရော၊ကျနော့်မိန်းမရော တအားငိုခဲ့ကြတယ်၊နှစ်ပေါင်း ၂ဝနီးပါး နေလာခဲ့တဲ့အိမ်လေးပါသွားပြီလေ၊ ဒါတောင်မှ သူများအိမ်ထက်ပိုကောင်းတဲ့ အိမ်လည်း မဟုတ်ပါဘူး"လို့ အဘိုးအိုကပြောပါတယ်။

စစ်ဘေးရှောင်နေရပေမယ့်လည်း နှစ်ပေါင်းများစွာ မိသားစုအသိုက်အဝန်းနဲ့နေခဲ့တဲ့ အိမ်မို့ အိမ်ရဲ့ မီးဖိုချောင်၊ အိပ်ခန်း၊ ဧည်းခန်းတွေကို အသေးစိတ်လွမ်းရင်း သတိရရုံတင်မက စစ်ဘေးရှောင်ရတာမို့ ကိုယ့်အိမ်ကိုယ့်ယာလို နေထိုင်ရ စိတ်ကျဉ်းကြပ်လွန်းလှတယ်လို့ဆိုပါတယ်။

"တချို့တိုက်အိမ်တွေဆိုရင် ပြတင်းပေါက်ပဲလောင်တာတွေရှိတယ် ၊ အိမ်ကောင်းတွေဆိုတော့၊ တချို့အိမ်က လုံးဝပြာကျသွားတာ၊ အဲဒီထဲမှာ ကျနော်တို့အိမ်လည်းပါတယ်၊ ပြန်ဆောက်ဖို့ဆိုရင် အစကနေ ပြန်လုပ်ကြရမှာ၊တော်တော်တော့ ခက်မှာပါ"လို့ပြောပါတယ်။

ထန်တလန်ဟာ မြို့ရလာပြီးနောက် အိမ်ယာစီမံကိန်းတွေနဲ့အတူ တိုးတက်လာတာဖြစ်ပါတယ်။ နေအိမ်သစ်တွေနဲ့ တိုးတက်မှုအရှိန်တောက်လျှောက်ရလာတာဟာ နှစ်ပေါင်း ၃၀ ဝန်းကျင်လောက်ပဲရှိပါသေးတယ်။ ထန်တလန်ဟာ မြို့ရတဲ့ နှစ်ပေါင်း (၅၀) ဂျူဗလီကိုလည်း ဆင်နွှဲခဲ့ကြသလို အဘိုးအိုအနေနဲ့လည်း တက်တက်ကြွကြွပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်ဟာ ထန်တလန်မြို့ရတဲ့တဲ့ သက်တမ်းဟာ နှစ်ပေါင်း (၆၀) ပြည့်မယ့် နှစ်ဖြစ်ပေမယ့် အခုတော့ တစ်မြို့လုံး ဘုရားကျောင်းနဲ့ဘာသာရေးအဆောက်အဦးတွေမကျန် မီးလောင်ပြာကျပြီး တိတ်ဆိတ်တဲ့ မြို့အဖြစ်အသွင်ပြောင်းသွားပါပြီ။

၂၀၂၁ ခုနှစ် စက်တင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး ထန်တလန်မြို့ပေါ်ရှိ နေအိမ်ခြေများ မီးလောင်မှု စတင်ကြုံတွေ့ရပါတယ်။  စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ မြို့တွင်းတိုက်ပွဲမှာ ပထမဆုံးအကြိမ် ထန်တလန်မြို့ရှိ လူနေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက် အထိထန်တလန်မြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်း ဘာသာရေးအဆောက်အဦးတွေ အပါအဝင် ပုဂ္ဂလိကနေအိမ် စုစုပေါင်း၁,၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ လူဦးရေအားဖြင့် ၄၇၈,၀၀၀ ကျော် ထိ ရှိပြီး၊ လူဦးရေရဲ့ ၉၀ ရာခိုင်နှူန်းလောက်မှာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ တိုက်ပွဲများကြောင့် ချင်းပြည်နယ်ရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ချင်းလူမှုအဖွဲ့အစည်းတချို့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်နဲ့ နယ်စပ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခိုလှုံကြသူဉီးရေဟာ သမိုင်းမှာ လူဉီးရေအများဆုံး ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

တိုက်ပွဲရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြို့မိမြို့ဖများနှင့် ပြည်နယ်အစိုးရက အဓိက ကူညီပံ့ပိုးပေးနေပေမယ့် အိန္ဒိယနိုင်ငံဗဟိုအစိုးရကတော့ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေကို စစ်ဘေးရှောင်ဒုက္ခသည်လို့ သတ်မှတ်တာမျိုး မရှိဘူးလို့ မီဇိုရမ်သတင်းများမှာ ဖော်ပြထားပါတယ်။

စစ်ရေးပစ်မှတ်တစ်ခုလို ဖြစ်နေတဲ့ ထန်တလန်မြို့နယ်အတွင်းမှာ CNF တပ်ဖွဲ့အနေနဲ့လည်း လွတ်မြောက်နယ်မြေ ပိုကျယ်ပြန့်အောင် ကြိုးစားနေပြီး လက်ရှိအချိန်ထိ စစ်ရေးအရ တင်းမာမှုရှိနေပါတယ်။

စစ်ကောက်စီလက်အောက်က ပြည်နယ်အစိုးရအနေနဲ့လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ဖို့ ဘာသာရေးခေါင်းဆောင်များနဲ့ မြို့မိမြို့ဖတွေကို ဖိတ်ခေါ်ဆွေးနွေးမှုပြုလုပ်ခဲ့ပေမယ့် စစ်အာဏာရှင်စနစ် တော်လှန်မှုမပြီးသေးသ၍ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ခွင့်မပြုနိုင်ဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...