စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် တောင်ကြာအင်းဒေသခံ (၃) ဦးဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် တောင်ကြာအင်းဒေသခံ (၃) ဦးဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းစံပြကျေးရွာတွင် ဇူလိုင်လ (၁၈)ရက်နေ့ ညတွင် စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီးနှင့်လှမ်းပစ်ခတ်သောကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ည(၁၀)နာရီခွဲတွင် တစ်ကြိမ်နှင့် ည(၁)နာရီတွင်တစ်ကြိမ် စစ်ကောင်စီတပ်မှ ကျေးရွာထဲသို့ လက် နက်ကြီးနှင့် ပစ်ခတ်ရာတွင် ဒေသခံလူငယ် (၃)ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ကြာအင်းရွာခံတစ်ဦးက ယခုလို ပြောသည်။

“ လူအိပ်ချိန်မှာ လက်နက်ကြီးနဲ့ပစ်တာ ဘယ်တပ်ကနေလှမ်းပစ်တာလည်းတော့ ဘယ်သူမှသေချာမသိဘူး။ ဖြစ်နိုင်တာက လှိုင်ဝမှာရှိတဲ့တပ်ပဲ။ လက်နက်ကြီးကျတာက ဘုန်းကြီးကျောင်း အပေါ်ဘက် စာသင်ကျောင်းတစ်လုံးရှိတယ်။ အဲဒီဘက်မှာကျတာ။ ” ဟု သူက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်က ညအချိန်မတော် တောင်ကြာအင်းရွာထဲသို့ လက်နက်ကြီးနှင့် မကြာခဏပစ်ခတ်သည့်အတွက် ဒေသခံရွာသားများမှာ ညဘက်အချိန်တွင် အခြားကျေးရွာများသို့ ပြောင်းရွှေ့အိပ်ကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ရနေ့မှစတင်၍ တောင်ကြာအင်းကျေးရွာတွင် နယ်မြေခံ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား ပစ်ခတ်တိုက်ခိုက်မှုစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ တောင်ကြာအင်းကျေးရွာအတွင်း အင်အားတိုးချဲ့ထားသည့်အပြင် ကျေးရွာထဲသို့ လက်နက်ကြီးနှင့် မကြာခဏ ရမ်းသမ်းပစ်ခတ်သည့်အတွက် ဒေသခံလူထုထိခိုက်ဒဏ်ရာရရှိမှုနှင့် လူနေအိမ် အချို့ ကျည်ထိမှန်ပျက်စီးမှုများရှိခဲ့သည်။

အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးကလည်း “ အခုနောက်ပိုင်းစစ်တပ်ဘက်က နေ့ပိုင်း လက်နက်ကြီးနဲ့ ပစ်တာသိပ်မရှိတော့ဘူး။ နေ့ပိုင်းမှာ ခရီးသွားလာတဲ့လူလည်းရှိတယ်။ ဘုန်းကြီးတွေလည်း မေတ္တာရပ်ခံ တာရှိတော့ နေ့ပိုင်းမပစ်ဘူး။ ညပိုင်းက ဘယ်သူမှတာဝန်မယူရဲတော့ လူထုတွေက တိမ်းရှောင်ပေါ့။ ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တောင်ကြာအင်းကျေးရွာ အထက်တန်းကျောင်းဝင်းထဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်နေဆဲဖြစ်ပြီး တပ်နေရာမဖယ်ပေးသည့်အတွက် ကျောင်းသူကျောင်းသား ၂၀၀ ကျော်သည် ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲတွင် ပြောင်းရွှေ့စာသင်ကြားပေးနေကြရသည်။

ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲတွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင် မှုကြောင့် တောင်ကြာအင်းရွာမှ ရွာသားများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။ လက်ရှိအချိန်တွင် ဒေသခံအများစုမှာ ကျေးရွာ၌ ပြန်လည်နေထိုင်ကြပြီဖြစ်သော်လည်း အချို့မှာ ယခုအချိန်ထိ ရွာမပြန်လာနေရဲသေးဘဲ ဆက်လက်တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...