ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်ကျေးရွာမှာ အမျိုးသားတစ်ဦး အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရသူက ဖိုးဝါးသိမ်ကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးမြင့်သန်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
ဦးမြင့်သန်း နေအိမ်မှာရှိနေချိန် အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်သွားတာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"အိမ်မှာပဲရှိနေတာ။ ရှိနေတဲ့အချိန် လာပစ်သွားတာ သုံးချက်ပေါ့။ သုံးချက်ပစ်သွားတယ်။ ဦးမြင့်သန်းလည်း သေနတ်ဒဏ်ရာနဲ့ပဲ သေသွားတယ်" လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဦးမြင့်သန်းဟာ နေရာတင် သေဆုံးသွားတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာကို လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ စက်တင်ဘာ ၄ ရက်နေ့က ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့်တို့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
စက်တင်ဘာ ၂၇ ရက်မှာလည်း ပလူးလေးကျေးရွာနေ ဦးသန်းထွန်းဝင်းကို အမည်မသိ သေနတ်သမားတွေက ပစ်သတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။



