ကျောင်းသူမိန်းခလေးငယ်တစ်ဦးအား မုဒိမ်းမှုကြံရွယ်အားထုတ်သူကို ချောင်းဆုံမြို့မရဲစခန်းတွင် ဖမ်းဆီးထား

ကျောင်းသူမိန်းခလေးငယ်တစ်ဦးအား မုဒိမ်းမှုကြံရွယ်အားထုတ်သူကို ချောင်းဆုံမြို့မရဲစခန်းတွင် ဖမ်းဆီးထား

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ၌ အသက် ၆၅ နှစ်အရွယ်လူကြီးတစ်ဦးက အသက် ၁၃ နှစ်အရွယ် ကျောင်းသူမိန်းခလေးငယ်တစ်ဦးအား မုဒိမ်းပြုကျင့်ရန် ကြံရွယ်အားထုတ်နေသည်ကို မိခင်ဖြစ်သူမှတွေ့ရှိပြီးနောက် အမှုဖွင့်တိုင်ကြားသဖြင့် ချောင်းဆုံမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

မိခင်ဖြစ်သူက “ကျမက လယ်ထဲမှာအလုပ်ရှိတော့ ခဏဆင်းသွားတယ် အိမ်မှာကလည်း ဟင်းအိုးတည်ထားတာ ပြန်လာတော့ အိမ်နီးချင်းလည်းဖြစ်သလို အမျိုးလည်းတော်စပ်တဲ့လူက ကျမသမီးလေးကို မတရားကျင့်ဖို့ပြင်နေတုန်းမှာ တွေ့သွားတယ် အုပ်ချုပ်ရေးမှူးရုံးကို သွားတိုင်ပါတယ်၊  လျှော်ကြေးထက် ကျမသမီးရဲ့သိက္ခာအတွက် အမှန်တရားကိုပဲ ပေါ်ပေါက်စေချင်တယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါလူကြီးသည် တစ်ကြိမ်ထက်မက ကျောင်းသူမိန်းခလေးငယ်ကို ချဉ်းကပ်ခဲ့၍ ခြိမ်းခြောက်ပြောဆိုခဲ့မှုကြောင့် ချောင်းဆုံမြို့မရဲစခန်းတွင် ပုဒ်မ ၅၁၁ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ မြို့နယ်မွန်အမျိုးသမီးများအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စဖြစ်တဲ့နေ့က ညဘက်မှသိရတော့ နောက်နေ့မှ ကျွန်မတို့ အမှုဖွင့်ဖြစ်တယ်၊ မုဒိန်းမှုအထမမြောက်ပေမယ့် ကြံစည်မှုအနေနဲ့ စွဲချက်တင်ထားတယ်၊ မျက်မြင်သက်သေလည်းရှိတယ်ဆိုတော့ တရားခံဘက်က ငြင်းဖို့မလွယ်ဘူးလို့ထင်တယ်  ပြီးဆုံးတဲ့အထိလည်း အားပေးကူညီသွားမယ်” ဟု ၎င်းကပြောသည်။

ရဲစခန်းတွင်ဖမ်းဆီးထားသူ အဆိုပါလူကြီးအား လတ်တလောတွင် တရားရုံးမှရမန်ယူ၍ အမှုကိုတည်ဆောက်နေဆဲဖြစ်ကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ စခန်းမှူးက ဆိုသည်။

“အခုအချိန်မှာတော့ တရားခံကို ရမန်ယူထားတဲ့ကာလပဲရှိသေးတယ် အမှုစစ်က လိုအပ်တာတွေ ပြည့်ပြည့်စုံစုံတည်ဆောက်ပြီးမှ တရားစွဲလို့ရမယ် အဲဒါပြီးမှ ဘယ်လိုပြစ်မှုပြစ်ဒဏ်တွေလဲဆိုတာ ချမှတ်လို့ရမှာပါ” ဟု ချောင်းဆုံစခန်းမှူးက ဆိုသည်။

၂၀၂၀ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် သက်ဆိုင်ရာရဲစခန်းများမှ ဖမ်းဆီးရမိသော မုဒိန်းမှု (၉၆) မှုအနက် (၆၇) မှုသည် သက်ငယ်မုဒိန်းမှုဖြစ်ကြောင်း၊ သက်ငယ်မုဒိန်းကျူးလွန်သူအများစုသည် မိသားစုနှင့်ရင်းနှီးကျွမ်းဝင်သူများသာ ဖြစ်လေ့ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သည်။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...