အမျိုးသားရေး တိုင်းပြည်အရေးအကြောင်းပြပြီး ငြိမ်းချမ်းရေးကိုမဖျက်ဆီးရန် KNU ဥက္ကဌသတိပေး

အမျိုးသားရေး တိုင်းပြည်အရေးအကြောင်းပြပြီး ငြိမ်းချမ်းရေးကိုမဖျက်ဆီးရန် KNU ဥက္ကဌသတိပေး
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅-၁၆ ရက်များက ကရင်တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးကြစဉ်။ (ဓာတ်ပုံ − Supplied)
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅-၁၆ ရက်များက ကရင်တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးကြစဉ်။ (ဓာတ်ပုံ − Supplied)

အမျိုးသားရေး၊ တိုင်းပြည်အရေးအကြောင်းပြပြီး ငြိမ်းချမ်းရေးကိုမဖျက်ဆီးရန် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ကရင်လက်နက်ကိုင်များအစည်းအဝေး၌ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် လော်ခီးလားစခန်း၌ KNU - ကရင်အမျိုးသားအစည်းအရုံး၊ DKBA - ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီနဲ့ BGF - နယ်ကြားစောင့်တပ်ဖွဲ့ စသည့် ကရင်လက်နက်ကိုင် ၄ ဖွဲ့မှ ခေါင်းဆောင်များသည် လက်ရှိ မြန်မာ့နိုင်ငံရေးအပါအဝင် ကရင်လက်နက်ကိုင်များကြားက ပဋိပက္ခများအပေါ် ဖြေရှင်းနိုင်ရေး အစည်းအဝေးတစ်ရပ်ကို ဇွန်လ ၁၅ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ မိမိမေးခွန်းထုတ်လိုတာက ပြဿနာ ဖြေရှင်းဆွေးနွေးမှာလား၊ ပိုမိုကြီးထွားရှုတ်ထွေးအောင် လုပ်မှာလားဆိုတာ ခေါင်းဆောင်တွေကိုယ်တိုင် မေးခွန်းထုတ်ကြပါ။ အမျိုးသားရေး တိုင်းပြည်အရေး အကြောင်းပြပြီး ငြိမ်းချမ်းမှုကို ဖျက်ဆီးသူတွေ မဖြစ်ဖို့လိုတယ်လို့ မိမိအနေနဲ့ သတိပေးလိုပါတယ်” ဟု အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

KNU ထိမ်းချုပ်နယ်မြေ မြဝတီမြို့နယ် ကနဲလေး-မောခီကြားရှိ အူးချောင်းတံတားလုပ်ငန်းများ လုပ်ကိုင်နေစဉ် အမျိုးသမီးနှင့် ကလေးများ အပါအဝင် စုစုပေါင်း ၄၇ ဦးကို ၎င်းဒေသတွင်လှုပ်ရှားနေသည့် KNDO တို့မှ ဖမ်းဆီးသွားပြီးနောက် အသက် ၁၈ နှစ်မှ ၅၂ နှစ်ကြားရှိ အမျိုးသား ၂၅ ဦး သတ်ဖြတ်ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး KNU ဥက္ကဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။

KNU အနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အရပ်သားများကို သတ်ဖြတ်သည့်ဖြစ်စဉ်တို့ကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အဖြစ်မှန်‌ပေါ်ပေါက်ရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဟု ဆိုသည်။

ထို့အပြင် ကရင်လက်နက်ကိုင်အချင်းချင်း BGF နှင့် KNU လက်အောက်ခံတပ်များကြား တိုက်ပွဲများကြားက လုံခြုံရေးအရ တိုက်ခိုက်မှုများမရှိလာစေရေး၊ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများ ဘဝလုံခြုံစေရေး စသည့်အချက်များကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက “မိမိတို့တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိလာပါတယ်။ ဒီလုပ်ရပ်တွေဟာ အဆိုးဘက်ကို ဦးတည်စေတာကို သတိပြုဖို့ လိုအပ်ပါတယ်။ မိမိဟာ အင်အားနဲ့ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ်ရှိတာကို အားလုံးသိစေလိုပါတယ်။ ဒီလိုပြောတဲ့အတွက် ခြိမ်းခြောက်တာမဟုတ်ပါဘူး၊ KNU ခေါင်းဆောင်များဟာ မိမိရဲ့ ဆရာမိဘများဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မိမိတို့အနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ ဒေသတည်ငြိမ်ရေး အဓိကထားလုပ်နေရတဲ့အဖွဲ့အဖြစ် ရပ်တည်နေရတဲ့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်မှု လုပ်ရပ်အပေါ် နှောင့်ယှက်ချောင်းပစ်ခတ်ခြင်းကို ထိန်းသိမ်းပေးစေလိုပါတယ်” ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် KNU မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ခံ စောရော်ဂျာခင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...