စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်များ၏ စစ်ကြောရေးတွင် နှိပ်စက်ညှင်းပန်းမှုများကြောင့် အသက်ဆုံးသူ ၂၂ ဦးရှိပြီး ၃ ဦးမှာ ယနေ့အချိန်ထိ မိသားစုများ အလောင်းပြန်ယူခွင့် မရှိခဲ့ဘူးဟု AAPP က ထုတ်ပြန်လိုက်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ နွေဦးတော်လှန်ရေးအတွင်း သေဆုံးသူစုစုပေါင်း ၈၆၃ ဦးရှိပြီဖြစ်ပြီး ၎င်းတို့အနက် ၂၂ ဦးမှာ စစ်ကြောရေးအတွင်း သေဆုံးသူများဖြစ်သည်ဟု ပြောသည်။
“ညှဉ်းပန်းနှိပ်စက်မှုခံရပြီးနောက် သေဆုံးရသည့် အရေအတွက်မှာ ယခုထက် ပိုမိုများပြားမည်ဖြစ်သည်။ ထိုကျဆုံးသူ ၂၂ တွင် ၁၃ ဦးမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများဖြစ်ပြီး၊ ၄ ဦးမှာ ၂ ရက်အတွင်း သေဆုံးခဲ့ရသူများဖြစ်သည်။ ၄ ဦးမှာ ရက်သတ္တတစ်ပတ်အတွင်း သေဆုံးခဲ့ရပြီး၊ ၁ ဦးမှာ ရက်သတ္တနှစ်ပတ်အတွင်း သေဆုံးခဲ့ရသည်။ ကြည့်ရှုခွင့်ရခဲ့သည့် သေဆုံးသူအားလုံးနီးပါးတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ရုပ်အလောင်းတွင် နေရာအနှံ့ ကြီးမားသောဒဏ်ရာဒဏ်ချက်များ တွေ့ရသည်။ သို့သော်လည်း စစ်အုပ်စုကမူ ရောဂါတစ်ခုခုဖြင့် သေဆုံးသွားကြောင်းသာ ထုတ်ပြန်ခဲ့သည်” ဟု AAPP က ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် “ဖမ်းဆီးခံရပြီးနောက် ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူ (၂၂) ဦးရှိသည်။ ထိုအထဲမှ (၃) ဦးမှာ မိသားစုမှ အလောင်းပြန်ယူခွင့် မရခဲ့ပေ။ ဦးကျော်ကျော် (ခ) အဂ္ဂမိုးညို (၃၉ နှစ်) သည် ဖမ်းဆီးပြီး မတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ၃၀ ရက်နေ့တွင် သေဆုံးခဲ့သည်။ သူ၏ ရုပ်အလောင်းကို မိသားစုမှ ပြန်ယူခွင့်၊ သင်္ဂြိုလ်ခွင့်မရခဲ့ပါ။ ဒေါ်ခင်မာလာဝင်း (ခ) မျိုးမျိုးလွင် (၃၉) နှစ်သည် မတ်လ ၁၉ ရက်နေ့တွင် ပခုက္ကူမြို့ဖြိုခွဲမှုတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူမသည် မဖမ်းဖို့ ဒူးထောက်တောင်းပန်ခဲ့ သော်လည်း အတင်းချုပ်နှောင် ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံရပြီး နောက်တရက်တွင် မိသားစုအား အလောင်းလာယူရန် အကြောင်းကြားခဲ့သည်” ဟု AAPP က ပြောသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဖမ်းဆီးရာတွင်လည်း ရိုက်နှက်ဖမ်းဆီးခြင်း၊ ကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဆန္ဒပြပြည်သူများသည် ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များဖြင့် ဖမ်းဆီးခြင်း ခံနေကြရသည်။
၎င်းတို့အနက် အချို့မှာ ဖမ်းဆီးခံရပြီးနောက် ပင်ကိုယ်ရုပ်ကိုပင် မမှတ်မိလောက်အောင် ဒဏ်ရာများရရှိထားကြသည်။ ထိုနှိပ်စက်ညှဉ်းပန်းထားသည့် ဓာတ်ပုံများကိုလည်း စစ်တပ်ကထိန်းချုပ်ထားသည့် ရုပ်သံအပါအဝင် မီဒီယာအချို့တွင် ဖေါ်ပြခဲ့ကြသည်။
ဖမ်းဆီးခံအချို့မှာ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းနှင့် အသက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု AAPP က ထုတ်ပြန်ထားသည်။
“ဦးဇော်မြတ်လင်း (၄၆) နှစ်သည် ၎င်းနေထိုင်ရာ ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးခြင်းခံရပြီး ထိုညတွင်ပင် သေဆုံးသွားခဲ့သည်။ သူ၏ရုပ်အလောင်းကို ကြည့်ရှုခွင့်ရခဲ့သူ ပြောပြချက်အရ ဦးခေါင်းတခုလုံးနှင့် ပါးစပ်များနှင့် ခန္ဓာကိုယ်တခုလုံးတွင် ရုပ်ပျက်လောက်အောင် ဒဏ်ရာ ဒဏ်ချက်များ တွေ့ရှိရသည်ဟု သိရှိရသည်” ဟု AAPP က ပြောသည်။
စစ်အုပ်စုမှ ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် အသက်မဲ့ခန္ဓာကိုယ်အား လာယူရန် မိသားစုများထံ အကြောင်းကြားသည့် ဖြစ်စဉ်များ၊ အချို့မှာ အသက်မဲ့ခန္ဓာကိုယ်ပင် ပြန်မရဘဲ သေဆုံးကြောင်း အကြောင်းကြားသည့် ဖြစ်စဉ်များမှာ မြန်မာနိုင်ငံအနှံ့တွင် ရှိနေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။
ထိုကဲ့သို့ အသက်သေသည်အထိ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခြင်းသည် အကြမ်းဖက်လုပ်ရပ်မျှသာမဟုတ်ဘဲ လူမဆန်စွာပြုမူခြင်း၏ အထွတ်အထိပ်ပင်ဖြစ်သည်။
ထိုလုပ်ရပ်များကို နိုင်ငံတကာကလည်း အရေးယူပေးရန် အသက်သေဆုံးသည်အထိ နှိပ်စက်ညှဉ်းပန်းမှုများအား ထပ်မံမဖြစ်ပွားစေရေးအတွက် ဟန့်တားနိုင်သည့် အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် AAPP က တောင်းဆိုထားသည်။







