နိုင်ငံခြား ကျန်းမာရေး NGO တစ်ခုကို တနင်္သာရီတိုင်းအတွင်း လုပ်ငန်းများရပ်ဆိုင်းရန် စစ်ကောင်စီက တားမြစ်သည့်အတွက် လူနာပေါင်း ၂၀၀၀ ကျော် အသက်အန္တရာယ်ထိခိုက်စေမည်ဟု MSF အဖွဲ့က ပြောသည်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ၏ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအား ရပ်ဆိုင်းထားရန် စစ်ကောင်စီက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
“အခုလို တောင်းဆိုချက်ဟာ ထားဝယ်ရှိ MSF ဆေးခန်းတွင် ကုသမှုခံယူနေတဲ့ အိုတ်ချ်အိုင်ဗွီနှင့်တီဘီလူနာ ၂ ထောင်ကျော်၏အသက်ကို ခြိမ်းခြောက်နေပါတယ်။ အခုလိုလုပ်ရပ်ကြောင့် နောက်ထပ်ကူးစက်ပြန့်ပွားလာမည့် ရောဂါများအတွက် စိုးရိမ်စရာပါ” ဟု MSF က ဝက်ဆိုက်တွင် ရေးသားထားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ HIV ရောဂါပိုးရှိသူများအတွက် နေ့စဉ်သောက်ရန်လိုအပ်သည့် ဆေးဝါးများ ပြတ်တောက်သွားနိုင်ပြီး အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်သည်ဟု တင်္နသာရီတိုင်းဒေသကြီးအတွင်းရှိ HIV ရောဂါဆိုင်ရာ ကုသရေး၊ ကာကွယ်ရေး၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို MSF အဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်နေသည့် အနာဂါတ်အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့က ပြောသည်။
အနာဂါတ်အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်ထွန်းက “စစ်အစိုးရ အာဏာသိမ်းတဲ့နောက်ပိုင်းမှာက transfer out လုပ်ရတဲ့ လုပ်ငန်းတွေကို ရပ်ထားရတာပေါ့နော်။ အခုဆိုရင် ၂၀၀၀ နီးပါးပေါ့ ကျန်ခဲ့သေးတယ်ပေါ့နော်။ အဲ့တော့ ကျန်ခဲ့တဲ့ patient တွေထဲမှာ ပိုပြီးစိုးရိမ်ရတာ ကျန်ခဲ့တဲ့သူတော်တော်များများက HIV patient တွေသည် HIV ရောဂါတစ်ခုတည်းမဟုတ်ဘူး။ သူနဲ့ဆက်စပ်တဲ့ ရောဂါအခြေအနေအရမ်းဆိုးတဲ့ second line စောင့်နေတဲ့ ART patient တွေရှိမယ်။ နောက်ထပ် အသည်းရောင်အသားဝါ C ရောဂါတွေနဲ့တွဲနေတဲ့ Patient တွေရှိမယ်ပေါ့။ ပြောမယ်ဆိုရင် အရမ်းကိုအန္တရာယ်ရှိတဲ့ အုပ်စုတွေကျန်ခဲ့တာပေါ့နော်” ဟု ပြောသည်။
ထို့ကြောင့် “Second line ဆိုတာလည်း အစိုးရဘက်က မပေးနိုင်တဲ့ကာလမှာဆိုရင် MSF ကပဲ အဓိကလူနာကို ဆေးဝါးရရှိရေး၊ သူတို့ရဲ့ ကျန်းမာရေးကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုးရပ်တန့်လိုက်တဲ့အတွက် ကျန်ရှိနေတဲ့သူတို့သည် ပိုပြီးတော့ အန္တရာယ်ရှိတဲ့အုပ်စုဖြစ်တဲ့အတွက် နောက်တစ်ချက်က ဟိုဟာရှိသေးတယ် Child HIV patient တွေရှိမယ်။ ဒီကလေးတွေကလည်း ကျန်နေသေးတာကိုး။ ကလေးကလည်း ၃၀၀ ကျော်လောက်ကျန်သေးတယ်ဗျ။ အဲ့တော့ ဒီကလေးတွေရဲ့ ART ဆက်လက်ရရှိဖို့ အခြေအနေတွေ နောက်အခုက သာမန် patient တွေမဟုတ်တဲ့ အခြေအနေတွေက ဒီလိုရပ်တန့်လိုက်မယ်ဆိုရင် ရေရှည်မှာပေါ့နော် သူတို့အတွက် အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တဲ့ အခြေအနေမျိုးတွေက စိုးရိမ်စရာရှိတာပေါ့နော်” ဟု ဦးဇော်ထွန်းက ဆက်ပြောသည်။
အာဏာပိုင်များက အကြောင်းကြားလာသည့် MSF (တနင်္သာရီတိုင်း) အတွင်း လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအား ရပ်ဆိုင်းထားရန်စာကို ဇွန်လ ၈ ရက်နေ့က ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုချိန် လူနာများလိုအပ်နေသည့် ကျန်းမာရေးဆိုင်ရာ အကူအညီများကို ရပ်နားခြင်းမျိုးမပြုလုပ်ရန် MSF အနေဖြင့် ဆွေးနွေးအဖြေရှာသွားမည်ဟု ၎င်းတို့၏ FB လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
“လူနာအသစ်များ ရောဂါရှာဖွေခြင်းနှင့် ကုသမှုခံယူဖို့ တားဆီးရာရောက်နေပါတယ်။ ဒါ့အပြင် ကုသမှုရယူဖို့ အလွန်အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အခုလို လူနာများလိုအပ်နေတဲ့ ကျန်းမာရေးအကူအညီကို ရပ်နားခြင်းမျိုးမပြုလုပ်ဖို့ MSF အနေဖြင့် ဘယ်လိုနည်းနဲ့မဆို ဆွေးနွေးအဖြေရှာသွားပါမယ်” ဟု MSF က ထုတ်ပြန်ထားသည်။
ထားဝယ်မြို့နယ်အတွင်းက MSF အဖွဲ့အပါအဝင်၊ အခြားသော INGOs အဖွဲ့အစည်းများဖြစ်ကြသည့် World Vision Myanmar, Child Fund Myanmar (ကလေးသူငယ် ရန်ပုံငွေအဖွဲ့)၊ NRC - Norwegian Refugee Council in Myanmar, World War Life fund, Mines Advisory Group Myanmar (မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည့်အဖွဲ့) စသည်တို့ကိုလည်း ရုံးများ (ခေတ္တ) ပိတ်ထားရန် အကြောင်းကြားစာများ ပေးပို့ထားသည်ဟု သိရသည်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဆွစ်ဇလန် (ထားဝယ်) သည် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ကတည်းက ဒေသအတွင်းရှိ HIV ဆိုင်ရာကုသရေး၊ ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဌာန၏ လမ်းညွန်မှုများအတိုင်း လုပ်ဆောင်ပေးခဲ့ရာ ဆယ်စုနှစ် ၂ စုအတွင်း HIV ရောဂါကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချပေးခဲ့သည့်အတွက် ယခုကဲ့သို့ လက်ရှိဆောင်ရွက်နေသည့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများကို ရန်နားရန် ညွန်ကြားခြင်းသည် HIV ရောဂါပိုးဖြင့် အသက်ရှင်နေရသူများအတွက် အလွန်စိုးရိမ်မိသည်ဟု အနာဂတ်အလင်း ရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့က ပြောသည်။
မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ရန်ဆိုင်းရန် အာဏာပိုင်းများက အကြောင်းကြားလာသည်ကို မသိဘူးဟု MSF အဖွဲ့နှင့် အနာဂါတ်အလင်းရောင် ဘဝတူ ကူညီပံ့ပိုးရေးအဖွဲ့က ဆိုသည်။
ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီနှင့် ကျန်းမာရေးဦးစီးဌာနအနေဖြင့် အလေးအနက်ထားပြန်လည်သုံးသပ်ရန်နှင့် ဆေးကုသမှုများကို ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အနာဂတ် အလင်းရောင်ဘဝတူကူညီပံ့ပိုးရေးအဖွဲ့နှင့် ဒေသအတွင်းက HIV ရောဂါပိုးဖြင့် အသက်ရှင်နေထိုင်သူများက ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်တောင်းဆိုထားသည်။







