ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိရာ ဆေးအပြည့် (Full Dose) ထိုးပြီးသူ လူဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီဟု သိရသည်။
ဖေဖော်ဝါရီလကစတင်၍ ယနေ့အချိန်ထိ အဆိုပါ COVID-19 ကာကွယ်ဆေးကို ထိုးပေးလျှက်ရှိပြီး ဆေးမှာ နှစ်မျိုးရှိသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။
KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က “ဆေးထိုးတာက မိုင်ဂျာယန်ဘက်မှာဆိုရင် တစ်ခါဘဲထိုးရတဲ့ COVID ဆေး။ လိုင်ဇာမှာဆိုလို့ရှိရင် နှစ်ခါထိုးရတဲ့ COVID ဆေးတွေထိုးတယ်။ ဆေးထိုးတာက တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်လောက်တော့ရှိပြီ Full Dose ထိုးပြီးတာကတော့ ခြောက်ထောင်ကျော်လောက်တော့ရှိပြီ အခုဆိုရင် ဒီဆေးထိုးတဲ့လုပ်ငန်း လုပ်လာတာ သုံးလလောက်တော့ရှိပြီ အခုထိမပြီးသေးဘူး” ဟု ပြောသည်။
COVID-19 ရောဂါကာကွယ်ဆေးလာရောက်ထိုးသူ နှစ်သောင်းနီးပါးခန့်ရှိပြီဖြစ်ပြီး ဆေးထိုးရန် ကျန်နေသေးသူများကိုလည်း ဆက်လက်ထိုးပေးနေသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။
KIO/KIA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင်ထိုးပေးသည့် COVID-19 ကာကွယ်ဆေးမှာ တစ်ကြိမ်သာထိုးရပြီး၊ ကျန်နေရာများတွင် ထိုးရသည့်ဆေးမှာ နှစ်ကြိမ်ဖြစ်သည်ဟု ပြောသည်။
“ကျနော်တို့ ဒီ COVID ကာကွယ်ဆေးက Sinovac တရုတ်ဆီကထုတ်တဲ့ဟာ သုံးနေပါတယ်။ လောလောဆယ်ဆိုလို့ရှိရင် တရုတ်ပြည် Redcross Association ကနေတစ်ဆင့် ကျနော်တို့ကိုထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ လိုသလောက်လည်း သူတို့ကို ပြန်ပြီးတော့ တင်ပြလို့ရှိရင် သူတို့ကလည်း ပြန်ပြီးတော့ ကူညီမယ်လို့တော့ ပြောထားတယ်။ အခုတော့ ရှိနေတဲ့ဆေးတောင် အများကြီးကျန်နေတယ်။ အစကဆိုလို့ရှိရင် ကျနော်တို့ရဲ့လူထုတွေက တစ်ချို့က သိပ်နားမလည်ဘူးဆိုတော့ လာထိုးဖို့လည်း အခါခါပြောရင်လည်း သိပ်လာမထိုးကြဘူး။ အခုတော့ အားလုံးလည်းလာထိုးဖြစ်အောင် ကျနော်တို့ လုပ်နေပါတယ်” ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ပြောသည်။
KIO ထိန်းချုပ်နယ်မြေများအတွင်း အဝင်/အထွက်များကို တင်းကြပ်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ဝင်ရောက်လာသူများကို ယခင်နှစ်ကတည်း ကန့်သတ်ထားပြီး KIA ထိန်းချုပ်နယ်မြေအတွင်းက မိုင်ဂျာယာန်၊ လိုင်ဇာကဲ့သို့မြို့များသို့ ပြည်ပနှင့် နယ်ဝေးမှလာရောက်ကြမည့် လူဝင်/လူထွက်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ၎င်းတို့၏ နယ်မြေများသို့ ဝင်ခွင့်ပြုသည်ဟု KIO COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။
လူအဝင်/အထွက်များကို ကျန်းမာရေးစစ်ဆေးပေးနေသည့် ကျန်းမာရေးဝန်ထမ်းအသုံးပြုသည့် PPE ဝတ်စုံများ လုံလောက်မှုမရှိဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ပြောသည်။
၎င်းတို့ဒေသအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍လည်း “အခုလောလောဆယ်တော့ ကျနော်တို့ဆီမှာဆိုလို့ရှိရင် Prevention လုပ်တဲ့ ဖြန်းတဲ့ ပိုးသတ်ဆေးတွေဘဲလိုမယ်။ တစ်ခြားဟာကတော့ ကျနော်တို့လည်း စုဆောင်းထားတာရှိတယ်။ အဓိကဆိုလို့ရှိရင် ပိုကုန်တာက PPE ဝတ်စုံကတော့ ခဏခဏကုန်တယ် Swab ယူရတဲ့အခါ အခု ရာသီဥတုက ပူတယ်ဆိုတော့ ချွတ်ရဝတ်ရ အဲတာ တော်တော်ကုန်တယ်” ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ပြောသည်။
၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ဝင်ရောက်လာသူများထဲမှ ရောဂါကူးစက်ခံရသူ ၁၃ ဦးရှိခဲ့ရာ လက်ရှိ ဆေးရုံတွင် ၂ ဦးသာ ကျန်တော့သည့်အတွက် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO/KIA က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင် COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိသော်လည်း အခြားသော တိုင်းရင်းသားလက်နက်ကိုင်ရှိနေသည့် ကရင်၊ ကယား၊ မွန်၊ ရှမ်း ပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့်နယ်မြေများတွင် ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိသေးပေ။
ထို့သို့ ကာကွယ်ဆေးထိုးနိုင်ခြင်းမရှိသေးလို၊ တိုင်းရင်းသားဒေသ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် နယ်စပ်ဖြတ်ကျော်အကူအညီပေးရန် တိုင်းရင်းသားကျန်းမာရေးကော်မတီ EHC က မေလထဲတွင် ထုတ်ပြန်တောင်းဆိုထားသည်။
တိုင်းရင်းသားပြည်နယ်များတွင် စစ်တပ်က အာဏာမသိမ်းခင်ကာလက ကျန်းမာရေးဆိုင်ရာ အကူအညီများနှင့် ထောက်ပံ့မှုများမှာ ဗဟိုချုပ်ကိုင်မှုအောက်မှ ဘဏ္ဍာငွေစီးဆင်းမှု အနည်းငယ်ရရှိခဲ့သော်လည်း ယခုလက်ရှိ နိုင်ငံရေးအခြေအနေများအရ ထိုထောက်ပံ့မှုများပင် မရရှိတော့သည့်အနေအထားများနှင့် ကြုံနေရသည်ဟု ဆိုသည်။







