ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါန ပရဟိတအသင်းဥက္ကဌ ကိုအောင်လှိုင်ဝင်းအပါအဝင် (၇) ဦးကို ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင်များက ပြောဆိုသည်။
ဖမ်းဆီခံရသူ ကိုအောင်လှိုင်ဝင်းမှာ ဇွန်လ ၅ ရက် မနက်ပိုင်းက နေအိမ်မှထွက်ခွါသွားပြီး ထမင်းစားချိန်ပြန်မရောက်ရှိသဖြင့် ဇနီဖြစ်သူမှ လိုက်လံရှာဖွေရာ မျက်မြင်သက်သေတစ်ဦးဖြစ်သူက တောင်ကုတ်အခြေစိုက် တပ်ရင်း - ၃၄၆ က ဖမ်းဆီခေါ်ဆောင်သွားခြင်းကို မြင်မိလိုက်ကြောင်း လာရောက်ပြောဆိုခဲ့ပြီး ယခုအခါ ကိုအောင်လှိုင်ဝင်းမှာ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသည်မှာ ၂ ရက်ထိရှိနေပြီဟု မိုးပညာဒါန ပရဟိတအသင်းမှ စရင်းစစ် ကိုမောင်မောင်သိန်းက ပြောဆိုသည်။
“သူတို့က သံတွဲအသွား တောင်ကုတ်ထွက်ဝ တပ်အမှတ် ၃၄၆ တပ်ရဲ့ ဖုံညိုမောင်းတံဂိတ်မှာ ဖမ်းသွားတယ်ဆိုတာကို အဲဒီနားက မျက်မြင်သက်သေတွေကပြောလို့ သူ့မိန်းမက သိရတယ်လို့ပြောတယ်၊ အခု သူဘယ်မှာလဲဆိုတာကိုလည်း မသိရသေးသလို ဘာကြောင့် ဖမ်းခံထားရတယ်ဆိုတာကိုလည်း မသိရသေးဘူး၊ သတင်းတွေမှာကတော့ AA နှင့်ဆက်စပ်ပြီး ဖမ်းခံရတယ်လို့ တင်တာတွေ့နေရတယ်ဟု” သူက ပြောဆိုသည်။
ယင်းနောက် ကိုအောင်ဝင်းလှိုင်နှင့်အတူ လိုက်ပါသွားသည့် နောက်ထပ် ၆ ဦးအမည်များကိုလည်း မသိရှိသေးကြောင်း သူကပြောဆိုသည်။
ဖမ်းဆီးခံရသူ ကိုအောင်ဝင်းလှိုင်မှာ ပရဟိတသမားတစ်ဦးသာဖြစ်ပြီး AA နှင့် ဆက်စပ်မှုရှိမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ကိုအောင်ဝင်းလှိုင်၏ သူငယ်ချင်းဖြစ်သူ ကိုနေလင်းအောင်က ပြောဆိုသည်။
“ကျနော်တို့ ကြားတာက AA နှင့် ဆက်စပ်လို့ ဖမ်းတယ်လို့ သတင်းကြားထားတယ်။ ဒါက မဖြစ်နိုင်ဘူး သူက အဲဒီအဖွဲ့တွေနှင့် အဆက်အစပ်မရှိဘူး ကျနော်တို့နှင့်အတူတူ ဒီကျောင်းဖြစ်မြောက်ရေးအတွက်ပဲ အလှူခံတယ်၊ လုပ်ကြတယ်။ သူက လူအေးတစ်ယောက်လည်းဖြစ်တယ်၊ ကျနော်တို့လည်း ဒီကိစ္စကို စုံစမ်းနေတယ်” ဟု သူကပြောဆိုသည်။
လင်ဖြစ်သူအား တပ်မ ၃၄၆ အထဲတွင်ရှိသည်ဟု သတင်းရရှိထားပြီး ၂ ရက်ကြာထိ တွေ့ခွင့်မရရှိသည့်အပေါ် အထူးစိုးရိမ်မိကြောင်း ကိုအောင်ဝင်းလှိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောဆိုသည်။
“သူကတော့ တပ်မ ၃၄၆ ထဲမှာလို့ကြားတယ် တွေ့ခွင့်မရသေးဘူး သူက မဟုတ်တာမလုပ်ဘူး၊ သူကို ကျမတို့မျှော်နေတယ်၊ သူ့အတွက်လည်း စိုးရိမ်နေတယ်၊ ဘယ်လိုတွေများ လုပ်ခံနေရမလဲလို့ပေါ့” ဟု သူကပြောဆိုသည်။
ကိုအောင်ဝင်းလှိုင်မှာ မိသားစုစားဝတ်နေရေးအတွက် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သူသာဖြစ်သည်ဟုလည်း ဇနီးဖြစ်သူက ဆိုသည်။
အဆိုပါ ဒေသခံ (၇) ဦးအား တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု ပြောဆိုနေခြင်းကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် စစ်ကောင်စီဥက္ကဌ ဦးသန်းဌေးအား DMG သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးသွားသည်ဆိုသည့်သတင်းကို မသိရှိသေးကြောင်း သူကပြောဆိုသည်။
လက်ရှိ ဖွင့်လှစ်ထားသည့် “မိုး” ပညာဒါနကျောင်းကို ၂၀၂၁ ဧပြီးလမှစတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသင်တန်းကျောင်းတွင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဝပ်ရှော့အပါအဝင် တစ်ခြား အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ပြလျှက်ရှိနေပြီး ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသားဦးရေ ၅၀ ကျော်အထိ တက်ရောက်နေလျှက်ရှိသည်ဟုလည်း သိရှိရသည်။







