ကရင်ဒုက္ခသည် ၄၀၀ ခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေး

ကရင်ဒုက္ခသည် ၄၀၀ ခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေး

နယ်စပ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်နေရပြီး အစားအသောက်နှင့် အကူအညီများ လိုအပ်နေသည်ဟု KNU ကပြောသည်။

ဇွန်လ ၁ ရက်နေ့ (ယနေ့) နေလည်ပိုင်းက ဗိုလ်ကျော်သက်ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် ဗိုလ်မုတ်သုန်ဦးဆောင်သည့် BGF ၁၀၂၂ တပ်ခွဲတို့အကြား ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံများက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများမှာ အစားအသောက်နှင့် အခြေခံ လူအသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ဒေသခံများ၏ ပြောဆိုချက်ကိုကိုးကား၍ KNU ဒူးပလာယာခရိုင်က ဆိုသည်။

“တချို့ကျတော့ ထိုင်းဘက် အမျိုးအိမ်ရောက်နေတယ်။ သောင်ရင်းမြစ်ကို ဒီတိုင်းပဲဖြတ်ကူးလာတာ။ ရေက ရင်ဘတ်လောက်ထိရောက်တာပေါ့။ အဲ့ဒါကြောင့် တချို့က ဘာမှသယ်မရဘူး။ ဟိုဘက်ရောက်တော့ ထိုင်းစစ်သားတွေလာပြီး ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေ လုပ်ပေးနေတယ်။ အစားအသောက် အဝတ်အထည် နေရာထိုင်ခင်း အကူညီလိုအပ်တာပေါ့။ အခု သူတို့နေတာ နွားတင်းကုပ်ထဲမှာစုနေရတာလေ။ ဖလူးလေး ဖလူးကြီး ရွာသူရွာသားတွေပေါ့” ဟု ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဒေသခံ၏ပြောဆိုချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် ဖလူးဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီဖက်က လေးဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဇွန်လ ၁ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန် (မူတြော်) မြို့နယ်ရှိ ကူးဆိပ်နှင့် မထောကျေးရွာကြားတွင် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၅ ဦးသေဆုံးခဲ့သည်ဟု KNU ပြန်ကြားရေးဌာန သူလေးသတင်းမှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံသောင်းချီ စစ်ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသကဲ့သို့ အချို့မှာ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်သူများအတွက် လက်ရှိတွင် အစားအသောက်နှင့် အခြေခံအသုံးအဆောင်များဖြစ်သည့် အဝတ်အစား၊ စောင်၊ မိုးကာ၊ ခြင်ထောင်များအပြင် ဆေးဝါးများလည်း အရေးအပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောဆိုထားသည်။

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...