စစ်ရှောင်များအတွက် အလှူခံသူလူငယ်များ အဖမ်းခံရ

စစ်ရှောင်များအတွက် အလှူခံသူလူငယ်များ အဖမ်းခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ရှောင်ပြည်သူများအတွက် အလှူခံနေသည့် လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၆ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က လူငယ်အယောက် ၂၀ ခန့်မှာ မူဆယ်မြို့၊ စျေးကြီးထဲတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူခံနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု အလှူခံနေစဉ် ကိုယ်တိုင်ပါဝင်သူတစ်ဦးက ပြောသည်။

“အလှူခံပြီးလို့ ဈေးထဲက လမ်းမပေါ်ထွက်တဲ့အချိန်မှာ ဖိုးဝီးကားတစ်စီးနဲ့ အဲဒီအပေါ်မှာ စစ်ဝတ်စုံတွေရယ် ဒီ မူဆယ်ပြည်သူ့စစ်က ဝတ်စုံတွေရယ် နှစ်ဖွဲ့ပါလာပြီးတော့ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်တွေ့ပါတယ်။ တွေ့တဲ့အချိန် ကျနော်တို့ရှိတဲ့ လမ်းကြားတွေထဲကို ဝင်ပြေးတဲ့အချိန်မှာ ကျနော်က အရှေ့ကလူဆိုတော့ ပြေးတော့ လွတ်သွားတယ်ခင်ဗျ။ နောက်က ကျန်ခဲ့တဲ့ထဲက မိန်းကလေးတွေပေါ့နော မိန်းကလေး ၄ ယောက် ကျနော်တို့ အဲဒီအလှူခံပုံးကိုင်ထားတဲ့ မိန်းကလေး ၂ ယောက်ပေါ့နော်။ တစ်ခြား မိန်းကလေး ၂ ယောက်ရယ်၊ နောက်ပြီးတော့ အသက်မပြည့်သေးတဲ့ ယောက်ကျားလေးတစ်ယောက် အသက်က ၁၇ ပဲ ရှိသေးတယ်။ အဲဒီ ၅ ယောက်ကို ဖမ်းသွားတယ်ခင်ဗျ။ သူတို့ မိသွားတယ်ပေါ့။ ကျန်တဲ့လူတွေကတော့ ပြေးလို့လွတ်သွားတယ်ခင်ဗျ”

ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၇ နှစ်ရွယ် လူငယ်အမျိုးသားတစ်ဦးပါဝင်ပြီး ကျန်လေးဦးမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ မူဆယ်မြို့က အသက် ၁၇ နှစ်အရွယ် မောင်စွမ်ဝမ်း၊ အသက် ၂၀ အရွယ် မထက်ယမင်းနွယ်၊ အသက် ၂၄ နှစ်အရွယ် မစိုးစုလှိုင်၊ အသက် ၂၈ နှစ်အရွယ် မငြိမ်းသီတာ နှင့် အသက် ၃၂ နှစ်အရွယ် မပြည့်ပြည့်တို့ဖြစ်ကြသည်။

“ကျနော်တို့ ကြွေးကြော်သံအော်ပြီးတော့ သပိတ်ထွက်ပြီး ဆန္ဒပြတာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ Song Box နဲ့ သီချင်းပဲဖွင့် သီချင်းပဲဆိုပြီးပဲ အလှူခံတာပါ။ ကျနော်တို့ တိုင်ပင်လိုက်တယ်။ အဲဒါဆို ငါတို့ အလှူခံပြီး ပြန်လှူမယ်ပေါ့။ တိုင်းရင်းသားတွေအတွက် လှူနိုင်တယ်ဆိုရင် ပိုအကျိုးရှိမယ်ဆိုပြီးတော့ ကျနော်တို့ အလှူခံလိုက်တာပါ။ အဲ့လို အခုက ဘယ်လိုခံစားရသလဲဆိုတော့ အရမ်းတော့ ခံပြင်းတာပေါ့နော။ အဲလို ဖမ်းသွားတာ။ စစ်သားအင်အားက ဆယ်ယောက် ဆယ့်ငါးယောက်ပဲရှိမယ်ခင်ဗျ” ထွက်ပြေးလွတ်မြောက်သွားသည့် လူငယ်ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အလှူခံပုံးနှစ်ခုကိုလည်း သိမ်းယူသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရလိုက်ရသူများ၏ မိဘများ၊ မိသားစုဝင်များက မူဆယ်ရဲစခန်းကို သွားရောက်အကြောင်းကြားပြီး မေးမြန်းခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းမရှိကြောင်း၊ မည်သည့်နေရာတွင် ထိန်းသိမ်းဖမ်းဆီးထားသည်ကို ယနေ့ ညနေပိုင်းအချိန်ထိ မသိရသေးဘူးဟု မိသားစုဝင်များက ပြောသည်။

“သူတို့နဲ့တော့ လုံး၀ အဆက်အသွယ် ပြတ်သွားတာပေါ့နော။ အဲလိုဖြစ်ပြီးတဲ့အချိန်မှာ လုံးဝ အဆက်အသွယ်ပြတ်သွားတော့ မိသားစုတွေက ရဲစခန်းကို လိုက်သွားတယ်။ ရဲစခန်းကို လိုက်သွားပြီးတော့ အကျိုးအကြောင်းပြောပြီးတော့ သပိတ်ဆန္ဒပြတာမဟုတ်ဘူး။ ဒါ အလှူခံတာလို့ပြောပြီးတော့ သွားမေးစုံစမ်းတဲ့အချိန်မှာ ရဲစခန်းကတော့ သူတို့ မဖမ်းဘူးလို့ပဲ ပြောလိုက်တယ်။ သူတို့ မဖမ်းဘူး ရဲစခန်းမှာ မရှိဘူးပဲ ပြောလွတ်လိုက် တယ်။ အဝေးကမြင်တာတော့ ရဲတော့မပါဘူး။ စစ်ကောင်စီက စစ်သားတွေရယ်၊ နောက်တစ်ခါ မူဆယ်မြို့မပြည်သူ့စစ်က စစ်သားတွေရယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူ မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများများ၏ မိသားစုဝင်များက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို အကြောင်းကြားထားသည်ဟု သိရသည်။

မူဆယ်မြို့တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများတွင် မူဆယ်မြို့က Gen Z လူငယ်များ၊ ဒေသခံပြည်သူ ရပ်မိ/ရပ်ဖများ၊ တိုင်းရင်းသားလူငယ်များနှင့် CDM ဝန်ထမ်းများက အခြားသောမြို့ရွာများနည်းတူ ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဖမ်းဆီးခံရသူ ၃၀ ထက်မနည်းရှိပြီဟု မူဆယ်ဒေသခံများက ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...