ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် KPDF တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံပြည်သူ ၇၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒုက္ခသည်ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။
မေလ ၂၂ ရက်နေ့မှ စတင်ဖြစ်ပွားလာသည့် ကယားပြည်နယ်ထဲက တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ဒေသဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု အများပြားရှိနေပြီး ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့က ပြည်သူများ တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် ဒုက္ခသည်ကော်တီ တာဝန်ရှိသူများက ပြောသည်။
ပီကင်းကောခူ ဒုက္ခသည်စခန်း ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦး “အခုကျနော်တို့ ပီကင်းကောခူ ဒုက္ခသည်စခန်းမှာတော့ တစ်ထောင်ကျော်တော့ ရှိလာပြီပေါ့နော။ တစ်ခြား ကျနော်တို့ ဒုက္ခသည်စခန်းမှာ မရောက်လာပဲနဲ့ တောတောင်တွေကြားထဲမှာ ကိုယ့်နည်းသူ့ဟန်နဲ့ ကိုယ့်ရွာနဲ့ နီးစပ်တဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေက အများကြီးပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်များက လက်နက်ကြီးများကို ဦးတည်ချက်တစ်စုံတစ်ရာမရှိပဲ အရပ်သားရပ်ရွာများအတွင်း ပစ်ခတ်နေသောကြောင့် ပြည်သူအများစုမှာ ကျေးရွာများတွင် မနေရဲကြပဲ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သူက ဆက်ပြောသည်။
“မရှိဘူးဆိုရင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက ဖယ်ခုံမြို့နယ်အပါအဝင်ဆိုရင် ခုနှစ်သောင်း၊ ရှစ်သောင်းဝန်းကျင်လောက်ရှိပြီ၊ အကုန်လုံးက အိုးအိမ်တွေစွန့်ခွာကြတာ။ ရွာတိုင်းလိုလိုက အိမ်မှာမနေကြတော့ဘူး။ မြို့ပေါ်မှာရှိနေတဲ့ လူထုတွေကလည်း အိမ်မှာမနေကြပဲ ဘုန်းကြီးကျောင်းတွေ နောက်ပြီးတော့ ဘိုးဘွားရိပ်သာအဆောင်တွေ၊ ပြီးတော့ သူတို့ တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင်ကြတာ အကုန်လုံး အဲလိုဖြစ်ကုန်ကြတာပေါ့။ ခုနှစ်သောင်းဝန်းကျင်လောက်ရှိပြီ ထွက်ပြေးတိမ်းရှောင်နေကြတာက”
ပီကင်းကောခူ ဒုက္ခသည်စခန်းတွင် ကျည်ဆံထိမှန်ထားသည့် ပြည်သူတစ်ဦးရှိနေပြီး ယခုချိန်ထိ ကျည်ဆံမထုတ်ရသေးကြောင်း၊ သက်ကြီးရွယ်အို ဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ရှိနေသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဆက်ပြောသည်။
“ကျည်ထိတာ လောလောဆယ်မှာ ကျနော်တို့ဆီမှာ တစ်ယောက်ရှိတယ်။ နောက်ပြီး ကိုယ်ဝန်သည်မိခင်တွေလည်းရှိတယ်။ အယောက် ၂၀ လောက်တော့ရှိတယ်။ ၂၀ ကျော်တယ်။ အဓိကက မိုးလည်းကျလာပြီ၊ လူလည်း တစ်ဖြည်းဖြည်းနဲ့ တိုးလာတဲ့အတွက် နေရာတွေ မလုံလောက်တော့ဘူး၊ အဲဒါ နေရာထပ်ချဲ့ဖို့အတွက် အမိုးအကာတွေလိုတယ်။ နောက်ပြီးတော့ အစားအသောက်တွေလိုတယ်။ အထူးသဖြင့် ဆေးဝါး၊ ဒီမှာထိထားတဲ့လူတွေ အခု ကျည်ကိုလည်း မထုတ်နိုင်သေးတော့ ပေါင်ထဲမှာခံနေတာ၊ အဲလိုအခက်အခဲတွေလည်း ရှိတယ်ပေါ့နော။ နောက်ပြီး သက်ကြီးတွေအတွက် သက်ကြီးတွေနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာမုန့်တွေ အသုံးအဆောင်ပစ္စည်းလည်း လိုအပ်တယ်ပေါ့”
နေ့စဉ်နှင့်အမျှ တိုးလာနေသည့် ကယားပြည်နယ်က စစ်ရှောင်များအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အဓိလိုအပ်နေပြီး ဒေသအတွင်း မိုးရွာသွန်းမှုများရှိနေသည့်အတွက် မိုးကာ၊ နေထိုင်ရန်တဲများ၊ စောင်များနှင့် အဝတ်အထည်များလည်း လိုအပ်နေသည်ဟု သိရသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့်အတွက် စစ်ရှောင်ဒုက္ခသည်များအား လိုအပ်သည်များ သွားရောက်ကူညီရန်လည်း အခက်အခဲရှိသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။
မေလ ၂၅ ရက်နေ့ ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ဒီမနက်ပိုင်းမှာတော့ ဒီမောဆိုမှာ မနက် ၄ နာရီခွဲကနေ စဖြစ်တယ်။ မနက် ၁၀ နာရီအထိပေါ့နော်၊ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော။ ပြီးတော့ နေ့လည် ၁၂ နာရီနောက်ပိုင်းမှာတော့ လွိုင်ကော်မြို့နယ်မှာ ပစ်ကြတယ်။ လက်နက်ကြီးနဲ့၊ ၁၂ နာရီကနေ တစ်နာရီခွဲအထိပေါ့နော်။ နာနတ်တောဖက်ထက် ပန်ကန်ဟိုဖက်ပြန်ဖြစ်တယ်။ ဒီနေ့လည်ပိုင်းမှာတော့ မနေ့ကညမှာတော့ နာနတ်တောဖက်မှာ” ဟု ပြောသည်။
ကယားပြည်နယ်အတွင်း နေရာအနှံတွင် စစ်ရှောင်စခန်း ၂၀ ကျော်ခန့်ရှိနိုင်ပြီး သတ်မှတ်ထားသည့် စစ်ရှောင်စခန်းများသို့ မရောက်လာသေးပဲ သာသနာ့အဆောက်အဦများ၊ စစ်ဘေးလွတ်သည့် ကျေးရွာအချို့နှင့် တောတောင်များထဲတွင် စစ်ဘေးရှောင် ပုန်းအောင်းနေရသူများလည်းရှိသည်ဟု ကယားဒုက္ခသည်များအား ကူညီပေးနေသူများက ပြောသည်။
“ကျနော်တို့နဲ့ လောလောဆယ် အချိတ်အဆက်ရှိတဲ့ Camp တွေကတော့ ၁၅ ခုကနေ အခု ၂၀ ကြားလောက်ရှိတယ်။ အထူးသဖြင့်ကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုအတွက်ရယ်၊ နောက်ပြီးတော့ အခုရွာတွေမှာ စစ်တပ်တွေ ရမ်းသမ်းပစ်လို့ ဒဏ်ရာထိသွားတဲ့လူတွေ အများကြီးရှိတယ်။ ကျနော်တို့ Camp နဲ့ သိပ်မဝေးပဲ လေးငါးခြောက်မိုင်မှာရှိတယ်။ အဲဒီ Camp တွေမှာလည်း ဒဏ်ရာရတဲ့သူတွေ အကြီးအကျယ် ဆယ်ယောက်ထက်မနည်း ရှိတယ်ပေါ့နော။ အဲဒီလူအတွက် အများကြီးရှိတယ်ပေါ့၊ အဲဒါ နိုင်ငံတကာက ဝင်လာပေးနိုင်မယ်ဆိုရင် ကျနော်တို့ကတော့ အရမ်းဝမ်းသာမိမှာပဲ”
ထိုသို့ စစ်ရှောင်စခန်းများတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ဒဏ်ရာရရှိထားသူများ ရှိနေသည့်အတွက် စခန်းနှင့် အနီးအနားတွင် ပစ်ခတ်ခြင်းများမပြုရန်နှင့် တိုက်ပွဲများမဖြစ်အောင် နှစ်ဖက်စလုံးက ရှောင်ရှားပေးရန် တောင်းဆိုနေကြသည်။
စစ်ရှောင်ပြည်သူများအား နိုင်ငံတကာအဖွဲ့အစည်းများကလည်း အကူအညီပေးရန်နှင့် နှစ်ဖက်လက်နက်ကိုင်များအနေဖြင့်လည်း လိုအပ်သည်များကို လာရောက်ထောက်ပံ့ပေးကြမည့်သူများကိုလည်း အန္တရယ်မပြုပဲ သွားလာခွင့်ပေးစေချင်သည်ဟု ဒုက္ခသည်များအား ကူညီနေသူများနှင့် ကယားဒုက္ခသည်များက ပြောသည်။







