အရပ်သားဥယျာဉ်ခြံမြေများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်

အရပ်သားဥယျာဉ်ခြံမြေများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်

စစ်ကောင်စီတပ်ဖွဲ့များက ကရင်ပြည်နယ်အတွင်းရှိ အရပ်သားပိုင် ဥယျာဉ်ခြံများအတွင်း လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း ကရင့်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောာင်စီတပ်တို့အကြား တိုက်ပွဲများမှာ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာများနှင့် ပြည်သူလူထုများ လုပ်ကိုင်စားသောက်သည့်နေရာများသို့ လက်နက်ကြီးပစ်ခတ်မှုများရှိသည်ဟု KNU က ပြောသည်။

မေလ ၂၅ ရက်နေ့ (ယနေ့) တွင် ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်သည့် သူးလေသတင်း၏ သတင်းထုတ်ပြန်ထဲတွင် KNU က ပြောဆိုထားသည်။

မေလ ၂၄ ရက်နေ့ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သူးလေသတင်း၏ ထုတ်ပြန်ချက်အရ  “၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့ နံနက် ၁၁း၃၆ မိနစ်ခန့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အကြမ်းဖက်စစ်အုပ်စုတို့ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ပါဟက်အုပ်စု၊ ကော်ဘောဒဲနယ်မြေအတွင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုဘက်မှ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းလဲ သိရှိရပါသည်” ဟု သိရသည်။

ထိုပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာများနှင့် ဥယျာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

KNU က “ထိုပစ်ခတ်ဖြစ်ပွားသည့်နေ့၏ ညနေ ၆း၃၀ မိနစ်ခန့်အချိန်မှာပင် ဖာပွန်အခြေစိုက် ခမရ ၁၉ နှင့် ခမရ ၃၄၀ မှ အကြမ်းစစ်အုပ်စု၏ တပ်ဖွဲ့များသည် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ ပြည်သူလူထုများ၏ ဥယျာဉ်ခြံအတွင်းသို့ လက်နက်ကြီး ၇ လုံး ပစ်ချခဲ့ကာ ၆ လုံးပေါက်ကွဲခဲ့ပြီး ၁ လုံးမှာမူ မပေါက်ကွဲခဲ့ပေ” ဟု ပြောသည်။

ထိုအပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် မေလ ၂၄ ရက်နေ့တွင်ပင် စစ်ကောင်စီမှ KNU/KNLA တပ်မဟာ ၁ ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ဃူဘီးထွီး ကနေ ကမမောင်းသို့ ကား ၁၃ စီးဖြင့် စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ခဲ့သည်ဟု သူးလေသတင်းက ဆိုသည်။

မေလ ၂၂ ရက်နေ့ကလည်း KNLA တပ်မဟာ ၃၊ တပ်မဟာ ၅ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ခဲဒိုးအုပ်စု လယ်ပူထာ၊ ဝါမီလူနယ်မြေများအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများ ရှိသည်ဟုလည်း KNU ပြောသည်။

“၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက် ၁၁း၄၅ မိနစ်ခန့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၃ တပ်ဖွဲ့တို့ ပူးပေါင်း၍ အကြမ်းဖက်စစ်အုပ်စုနှင့် ခဲဒိုးအုပ်စု လယ်ပူထာ၊ ဝါမီလူနယ်မြေများအတွင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ၃ ဦးကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် MA - 1 တစ်လက်နှင့် MA - 2 တစ်လက်ကို KNLA မှ သိမ်းဆည်းရရှိခဲ့ပါသည်။ KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ပေ” ဟု သူးလေသတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

ထို့အပြင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင် ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...