ဟိုပင်တံတား ဖောက်ခွဲ၊ ကျိုးကျ

ဟိုပင်တံတား ဖောက်ခွဲ၊ ကျိုးကျ

မန္တလေး-မြစ်ကြီးနား လမ်းမကြီးပေါ်ရှိ အဓိကကျသည့် တံတားတစ်င်း ဖောက်ခွဲခံခဲ့ရပြီးနောက် ထိခိုက်သေဆုံးသူ ၂ ဦးရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းအခြေအနေကြောင့် ကားကြီးများ သွားလာနိုင်ခြင်းမရှိပဲ ကားငယ်များသာ သွားလာနိုင်တော့သည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ သရက်ချောင်း (ဝက်ကုန်း) တံတား ဖောက်ခွဲခံခဲ့ရသည့်အတွက် တံတားမှာ လုံးဝပျက်စီးသွားပြီး သေဆုံးသူ ၂ ဦးနှင့် အနီးနားရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။

“တစ်ယောက် ဗုံးပေါက်ပြီးပြန်တာ၊ ဝက်ကုန်းဘက်နေပြန်လာတာ၊ ငါးရှာသွားပြီးပြန်လာတာ။ အဲ့ဒါကို တံတားပေါက်မှန်းလည်းသူမသိဘူး။ ဆိုင်ကယ်အရှိန်နဲ့မောင်းခဲ့တော့ ထိုးကျသွားတာ။ ကျိုးတာက ဟိုပင် အခြမ်းဘက်ကကျိုးတာ။ တံတားက အောက်ကိုကျိုးနေပြီ၊ အရှိန်နဲ့ဆိုတော့ အောက်ကိုထိုးကျသွားတာ။ သူက သေသွားတယ်။ သူက ဆေးရုံမှာသေတာ။ ဆေးရုံပို့လိုက်သေးတယ်။ အဲ့ဒါက တစ်ယောက်။ နောက်တစ် ယောက်ကတော့ တံတားနားမှာ အပိုင်းအစတွေတွေ့တာ။ ခေါင်းတော့မတွေ့ဘူး။ ခန္ဓာကိုယ်က တံတားနားမှာရှိတယ်။ ခြေတွေ လက်တွေက ဘေးနားတွေမှာကျနေတာ။ အဲ့ကြောင့် နှစ်ယောက်လို့ ယူဆလို့ရတာ။ အခုထိတော့ အလောင်းပိုင်ရှင်တွေလည်း မတွေ့သေးဘူး။ သေတဲ့လူက ဘယ်သူတွေဆိုတာလည်း မသိသေးဘူး” ဟု အခင်းဖြစ်စဉ်ကို သွားကြည့်ခဲ့သည့် ဟိုပင်မြို့က ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦး၏ရုပ်အလောင်းမှာ အပိုင်းပိုင်းဖြစ်နေပြီး ယနေ့မွန်းလွဲအချိန်ထိ သေဆုံးသူ၏ ဦးခေါင်းပိုင်းကို ရှာမတွေ့သေးဘူးဟု ဒေသခံများက ပြောသည်။

တံတားမိုင်းကွဲမှုကြောင့် အနီးအနားက ပျက်စီးမှုအခြေအနေများနှင့် ပတ်သက်၍လည်း “ဒီနေ့မနက်ပိုင်းတော့ သွားလာနေကြတယ်။ ညကတော့ ဗုံးကွဲပြီး သေနတ်သံတွေကြားတယ်။ ညကနေ ဘေးနားက အိမ်တွေက ထွက်ပြေးရတာပေါ့။ ဘေးအိမ်တွေပေါ့ ခနထွက်ပြေးရတာပေါ့။ အဲ့မှာသွားအိပ်လိုက်ကြရတယ်လို့ ပြောတယ်။ ပေါက်ကွဲမှုကြောင့် ဘေးနားက ဘုန်းကြီးကျောင်းရဲ့ မှန်တွေအကုန်ကွဲကုန်တယ်။ မျက်နှာကျက်တွေ ပျက်သွားတယ်။ အုပ်ချုပ်ရေးမှူးရုံးလည်း ပျက်သွားတယ်။ ဘေးနားက အိမ်တွေထိတယ်။ အိမ်တွေထဲကို မူလီတွေ၊ ဘောသီးလိုမျိုးဟာတွေ ဝင်လာတွေရှိတယ်။ တံတားကဟာတွေလည်း ဘာလားတော့မသိဘူး။ ပျက်စီးမှုက အဲ့လောက်ပဲ” အဆိုပါဒေသခံက ဆက်ပြောသည်။

ယခုတံတားဖောက်ခွဲခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို မသိရသေးဟုလည်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းမှစတင်၍ ကားကြီးများမှာ ဖြတ်သန်းသွား၍မရတော့ပဲ ကားငယ်များနှင့် ဆိုင်ကယ်များမှာ အခြားကွင်းလမ်းကနေ သွားလာနေရသည်ဟု ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကားကြီး လုံးဝသွားလို့မရဘူး။ ကားသေးလည်း ဖြတ်လို့မရဘူး။ ဆိုင်ကယ်က အဲ့နားမှာ ကွင်းလမ်းရှိတယ်။ အဲ့က ရပ်ကွက်ထဲဝင်သွားပြီးတော့ တံတားလေးသေးသေးလေးလုပ်ထားတယ်။ အဲ့ကွင်းလို့ရတယ်။ နောက်တစ်ခုက ဟိုပင်ကနေ အဲ့ဘက်ကိုမကွေ့ပဲနဲ့ မြို့လယ်ခေါင်ကနေ ချိုးတဲ့လမ်းဖက်ကနေ တည့်တည့်သွား နန့်ရင်းဘက်ကိုသွားပြီးတော့ အဲ့ဘက်ကနေ ကူးတဲ့တံတားအသစ်ရှိတယ်။ ပြီးတာလည်း မကြာသေးဘူး။ ကိုယ်ထူကိုယ်ထား တံတားပေါ့လေ၊ အဲ့ကနေတော့ ကားသေးလေးတွေ ကူးလို့ရတယ်။ ကားကြီးမရဘူး။ ၆ ဘီးတောင်မရဘူး။ အခုဖြစ်တဲ့နေရာက မန္တလေး-မြစ်ကြီးနားအတွက် အဓိကကျတယ်၊ တံတားပြင်ဖို့ကလည်း မလွယ်လောက်သေးဘူး။ ဒီလမ်းက ကုန်တွေအတွက် အဓိကမိန်းလမ်း၊ ကွင်းစရာမရှိဘူး” ဟု ပြောသည်။

ယမန်နေ့ညက ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ဟိုပင်မြို့က သရက်ချောင်း (ဝက်ကုန်း) တံတားသည် ပေ ၁၈၀ အထက် တံတားတစ်စင်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် သံဘောင်တံတားတစ်စင်းဖြစ်သည်။

ယခု ဖောက်ခွဲဖျက်စီးခံထားရသည့် သရက်ချောင်း (ဝက်ကုန်း) တံတားသည် တံတားကြီးတစ်စင်းဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရန်မှာ ခက်ခဲ ကြောင်း၊ ကချင်ပြည်နယ်အတွင်း စစ်ဏာသိမ်းပြီး ဖောက်ခွဲဖျက်ဆီးခံထားရသည့် မိုးညှင်းမြို့နယ်အတွင်းက တံတားအငယ်များ၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်သည့် မော်လူးက တံတားတို့ပင် ယနေ့အချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးဟု ဒေသခံများက ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...